စစ်ကိုင်းတိုင်းဒေသကြီး ဇွန်လပထမပတ် ဆန်ဈေးအေး

Fri, 06/15/2018 - 07:06 -- admin_ygn

စစ်ကိုင်းတိုင်းဒေသကြီး စပါး၊ဆန်  ပိုလျှံခရိုင်များဖြစ် ကြသော  ရွှေဘိုခရိုင်၊ ကလေးခရိုင်၊ ကသာခရိုင်၊  ကန့်ဘလူ ခရိုင်များရှိ ဇွန် ၈ ရက် ပထမပတ် စပါး၊ဆန်ဈေး အရောင်း အဝယ်ဖြစ်မှုမှာ ယခင်လ နောက်ဆုံးပတ် အတိုင်း အရောင်း အဝယ်အေးနေပြီး ပုံမှန်အတိုင်းသာ ဖြစ်နေပါတယ်။  ယခုလ ဇွန်လ ၈ ရက် ပထမပတ် ရွှေဘိုခရိုင်တွင် ဖြစ်ပေါ်နေသော စပါး၊ဆန်ဈေးတို့မှာ ရွှေဘိုပေါ်ဆန်းစပါးတင်း ၁၀၀ လျှင် ကျပ်  ၁၄၀၀၀၀၀ - ၁၄၅၀၀၀၀ ၊ ပေါ်ဆန်းဆန်  တစ်အိတ်လျှင် ကျပ်၄၇၀၀၀ -၄၈၀၀၀ ဖြင့် ယခင်တစ်ပတ်အတိုင်း အပြောင်း အလဲမရှိဈေးငြိမ်နေပါတယ်။ ရွှေဘိုခရိုင်  စပါး၊ဆန်ဈေးမှာ ယခင်လနောက်ဆုံး ပတ်အတိုင်းဈေးငြိမ်လျက်ရှိပြီး အရောင်း အဝယ်အေးနေကြောင်းသိရပါတယ်။  ဇွန် ၁ ရက်မှ ၈ ရက်ထိ ဆန်စီးထွက်မှုမှာ  စုစုပေါင်းအိတ် ရေ ၁ ဒသမ ၄ သိန်းကျော် စီးထွက်ခဲ့ပါ တယ်။

ကလေးခရိုင်ရှိစပါး၊ဆန်ဈေးမှာ ယခုလပထမပတ် တွင် ဧည့်မထ စပါးတင်း ၁၀၀ လျှင်   ကျပ် ၆၈၀၀၀၀နှင့် ဧည့်မထဆန်တစ်အိတ်လျှင်  ကျပ် ၂၂၀၀၀၊ ငစိန်စပါးတင်း ၁၀၀ လျှင် ကျပ်  ၆၇၀၀၀၀ နှင့် ငစိန်ဆန် တစ်အိတ်လျှင် ကျပ်  ၂၂၀၀၀ တို့ဖြစ်ပါတယ်။   ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက ငစိန် စပါး၊ဆန်ဈေးငြိမ်နေပြီး ဧည့်မထ စပါးတင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀ ခန့်ဈေး အနည်းငယ်မြင့်တက်ခဲ့ပါတယ်။  ကလေးခရိုင်ရှိ ဇွန် ၁ ရက်မှ ၈ ရက်ထိ ဆန်စီးထွက်မှုမှာ ချင်း ပြည်နယ်သို့ ဆန် အိတ်ပေါင်း ၁၅၀၀ ကျော်စီးထွက်ခဲ့တယ်လို့ သိရှိရပါတယ်။

ကသာခရိုင်စပါး၊ဆန်ဈေးမှာ ယခင်လနောက်ဆုံးပတ် အတိုင်း မပြောင်းဘဲဈေးငြိမ်လျက်ရှိပါတယ်။  စပါး၊ဆန် ဈေးများမှာ   မှော်ဘီစပါးတင်း ၁၀၀  လျှင် ကျပ် ၈၇၀၀၀၀ ၊ ဆန်တစ်အိတ်လျှင် ကျပ်  ၃၀၀၀၀  နှင့် ဆင်း-၃ စပါးတင်း ၁၀၀ လျှင် ကျပ် ၇၅၀၀၀၀၊ ဆင်း-၃ ဆန် တစ် အိတ်လျှင်ကျပ် ၂၈၅၀၀တို့ဖြင့် အရောင်းအဝယ်ဖြစ်နေပါတယ်။ ကသာခရိုင် မှ ဇွန် ၁ ရက်မှ ၈ ရက်ထိ ဆန်အိတ်ပေါင်း ၁၂၀၀၀ ကျော် စီးထွက်ခဲ့ကြောင်းစက်ပိုင်၊ ပွဲစားများထံမှ သိရှိရပါတယ်။

ကန့်ဘလူ ခရိုင်ရှိစပါး၊ဆန်ဈေးမှာ   ယခင်တစ်ပတ် အတိုင်း အပြောင်းအလဲမရှိဘဲ  ဈေးငြိမ်နေပါတယ်။ စပါး၊ဆန်ဈေးများမှာ ပေါ်ဆန်းစပါးတင်း ၁၀၀ လျှင်   ကျပ် ၁၄၅၀၀၀၀၊ ပေါ်ဆန်းဆန်တစ်အိတ်လျှင်ကျပ် ၄၉၀၀၀ နှင့် ဧရာမင်း စပါးတင်း ၁၀၀ လျှင်ကျပ် ၇၅၀၀၀၀ ၊ ဧရာမင်း ဆန် တစ်အိတ်လျှင်ကျပ် ၃၅၀၀၀ တို့ဖြစ်ကြောင်း သိရှိရပါတယ်။

 

ကျော်ဇင်ဝင်း (ဇေယျာ)

Local Trade News

Pages