အမေရိကန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုမတိုင်မီ ရွှေစျေးနှုန်းသည် နှစ်ပတ်အတွင်း အနိမ့်ဆုံးအဆင့်မှ ပြန်လည်ဦးမော့လာ
အမေရိကန်နှင့် အီရန်အကြား တင်းမာမှုများ တစ်ဖန်မြင့်မားလာခြင်းက ရေနံစျေးနှုန်းများကို မြင့်တက်စေခဲ့ပြီး အမေရိကန်ဗဟိုဘဏ် (Federal Reserve) မှ အတိုးနှုန်းများ ထပ်မံတိုးမြှင့်ဖွယ်ရှိသည်ဟူသော ခန့်မှန်းချက်များကြောင့် ရွှေစျေးနှုန်းများသည် နှစ်ပတ်အတွင်း အနိမ့်ဆုံးအဆင့်မှ အင်္ဂါနေ့တွင် ပြန်လည်မြင့်တက်လာခဲ့သည်။
ရွှေလက်ငင်းစျေး (Spot gold) သည် ဇူလိုင်လ ၁ ရက်နေ့နောက်ပိုင်း အနိမ့်ဆုံးအဆင့်မှ ၀.၈ % မြင့်တက်ကာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၄,၀၃၁.၄၃ သို့ ရောက်ရှိခဲ့သည်။ ဩဂုတ်လအတွက် အမေရိကန်ရွှေကြိုပွိုင့်စျေးနှုန်း (U.S. gold futures) မှာလည်း ၀.၈ % မြင့်တက်ကာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၄,၀၃၇.၈၀ သို့ ရောက်ရှိခဲ့သည်။
ပြီးခဲ့သည့် အရောင်းအဝယ်ကာလ၏ ရွှေစျေးနှုန်းသည် တစ်လကျော်ကာလအတွင်း ဈေးနှုန်းအကျဆုံး စံချိန်တင် ၃ % ခန့် ထိုးဆင်းသွားခဲ့သည်။
ရွှေကို ငွေကြေးဖောင်းပွမှုမှ ကာကွယ်ရန်ဟု ရှုမြင်ကြသော်လည်း အတိုးနှုန်းမြင့်တက်လာပါက အတိုးမရသောရွှေကို စိတ်မဝင်စားကြကြောင်း၊ ယခုအချိန်တွင် အရှေ့အလယ်ပိုင်းကိစ္စအပါအဝင် ငွေကြေးဖောင်းပွနိုင်သည့် စွန့်စားရမှုများစွာရှိကြောင်း၊ ထို့ကြောင့် ရွှေရင်းနှီးမြှုပ်နှံသူများက ဇွန်လအတွက် အမေရိကန်စားသုံးသူစျေးနှုန်းညွှန်းကိန်း (CPI) အချက်အလက်များ၊ ငွေကြေးဖောင်းပွနိုင်မှု အခြေအနေ၊ အမေရိကန်ဗဟိုဘဏ်၏ ရှေ့ဆက်သွားမည့် မူဝါဒလမ်းကြောင်း၊ ယခုသီတင်းပတ်အတွင်း ထွက်ရှိမည့် ထုတ်လုပ်သူစျေးနှုန်းညွှန်းကိန်း (PPI) အချက်အလက်များနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌ Kevin Warsh ၏ နှစ်ဝက်အစီရင်ခံစာထွက်ဆိုချက်တို့ကို အနီးကပ်စောင့်ကြည့်ကြမည်ဖြစ်ကြောင်း၊ Tastylive ၏ ကမ္ဘာ့မက်ခရိုစီးပွားရေးအကြီးအကဲ Ilya Spivak က ပြောကြားခဲ့သည်။
ငွေကြေးဖောင်းပွမှုသည် ဗဟိုဘဏ်၏ ရည်မှန်းချက်၂ % ထက် ကျော်လွန်နေဦးမည်ဆိုပါက မကြာမီကာလအတွင်း အတိုးနှုန်းမြင့်လာနိုင်ကြောင်း အမေရိကန်၊ ဗဟိုဘဏ်ဥက္ကဌ Christopher Waller က ပြောကြားခဲ့သည်။ ကုန်သည်များကလည်း အတိုးနှုန်းတက်နိုင်ခြေကို စက်တင်ဘာလတွင် ၅၇ % ခန့်မှန်းရာမှ ယခုအခါ ၇၆ % ထိခန့်မှန်းလာကြောင်း သိရှိရသည်။
အခြားသတ္တုစျေးကွက်များတွင်မူ ငွေလက်ငင်းစျေး (Spot silver) သည် နှစ်ပတ်အတွင်း အနိမ့်ဆုံးအဆင့်မှ ၀.၉ % ပြန်လည်မြင့်တက်ကာ တစ်အောင်စလျှင် ၅၈.၁၇ ဒေါ်လာသို့ ရောက်ရှိခဲ့သည်။ ထို့ပြင် ပလက်တီနမ် (Platinum) စျေးမှာ ၀.၃ % မြင့်တက်ပြီး ၁,၆၁၀.၁၃ ဒေါ်လာသို့လည်းကောင်း၊ ပါလေဒီယမ် (Palladium) စျေးမှာ ၁.၉ % မြင့်တက်ပြီး ၁,၂၇၁.၂၂ ဒေါ်လာသို့လည်းကောင်း အသီးသီးမြင့်တက်ခဲ့ကြသည်။
ရင်းမြစ်၊ https://www.thestar.com.
