နည်းပညာလုပ်ငန်းကြီးများကို ထိန်းချုပ်သည့် ဥရောပသမဂ္ဂ (EU) ၏ စည်းမျဉ်းများအား ပယ်ဖျက်ပေးရန် Apple ကုမ္ပဏီက တရားရုံးတွင် လျှောက်ထားခဲ့မှု ရှုံးနိမ့်
ဥရောပသမဂ္ဂ (EU) ၏ ဒစ်ဂျစ်တယ်စျေးကွက်များဆိုင်ရာဥပဒေ (Digital Markets Act-DMA) ပါ စည်းမျဉ်းများအရ Apple ကုမ္ပဏီ၏ App Stores နှင့် iOS တို့ကို အင်တာနက်လောက၏ "ဝင်ပေါက်/ ထွက်ပေါက် အဓိကထိန်းချုပ်သူများ (Gatekeepers) အဖြစ် သတ်မှတ်ခဲ့မှုကို ပယ်ဖျက်ပေးရန်” Apple က ၂၀၂၄ ခုနှစ်တွင် တရားရုံး၌ လျှောက်ထားခဲ့မှုသည် ဇူလိုင်လ ၈ ရက်နေ့က ရှုံးနိမ့်သွားခဲ့သည်။
၂၀၂၃ ခုနှစ် မေလတွင် စတင်အာဏာတည်ခဲ့သည့် EU ၏ ဒစ်ဂျစ်တယ်စျေးကွက်များဆိုင်ရာဥပဒေသည် နည်းပညာကုမ္ပဏီကြီးများ (Big Tech) အတွက် ဆောင်ရန်၊ ရှောင်ရန်များ ပြဋ္ဌာန်းထားပြီး ဒဏ်ငွေမှာ ကုမ္ပဏီကြီးများ၏ နှစ်စဉ်လည်ပတ်ငွေပမာဏ၏ ၁၀ % အထိ သတ်မှတ်နိုင်သောကြောင့် Apple၊ Meta နှင့် Byte Dance စသည့် ကုမ္ပဏီတို့က တရားရုံး၌ ကန့်ကွက်ခဲ့ကြသည်။
လူဇင်ဘတ်နိုင်ငံအခြေစိုက် EU အထွေထွေတရားရုံး၏ ယခုဆုံးဖြတ်ချက်ကြောင့် ပြိုင်ဘက်ကုမ္ပဏီများအတွက် ယှဉ်ပြိုင်ခွင့်နေရာနှင့် ဥရောပ တိုက်သားများအတွက် ပိုမိုများပြားသော ရွေးချယ်ခွင့်များရရှိရန် ကြိုးပမ်းနေကြသည့် EU၊ စျေးကွက်ပြိုင်ဆိုင်မှု ထိန်းညှိရေးအာဏာပိုင်များ (Antitrust regulators) ၏ အင်အားသည် ပိုမိုခိုင်မာလာပါသည်။
Apple ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူက ဒစ်ဂျစ်တယ်စျေးကွက်များဆိုင်ရာ ဥပဒေ၏ လုပ်ပိုင်ခွင့်အာဏာသည် ဥပဒေကြောင်းအရ လိုက်နာရမည့်အတိုင်းအတာထက် ကျော်လွန်နေပြီး မျှတမှုမရှိကြောင်း၊ ထို့ပြင် Apple က ဆယ်စုနှစ်ပေါင်းများစွာ တည်ဆောက်လာခဲ့သော ကိုယ်ရေးအချက်အလက်လုံခြုံမှုနှင့် အန္တရာယ်ကင်းမှုတို့ကို ပျက်စီးစေကာ Apple အသုံးပြုသူများအတွက် စိန်ခေါ်မှုအသစ်များနှင့်ရင်ဆိုင်စေနိုင်ကြောင်း၊ Apple သုံးစွဲသူ ဥရောပတိုက်သားများအတွက်လည်း အခိုင်အမာ ရပ်တည်တောင်းဆိုပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
iPhones ၊ iPads ၊ Mac ကွန်ပျူတာများ၊ Apple TVs နှင့် Apple Watches များရှိ App Store များကို တစ်ခုတည်းသော ပင်မပလက်ဖောင်းဝန်ဆောင်မှု (single core platform service) အဖြစ် EU က သတ်မှတ်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်တွင် Apple က တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ထို့ပြင် iMessage ဝန်ဆောင်မှုအား နံပါတ်ပေါ်တွင်အခြေမခံသည့် ဆက်သွယ်ရေးဝန်ဆောင်မှု (Number-independent interpersonal communications service-NIICS) အဖြစ် EU က သတ်မှတ်ခြင်းကိုလည်း Apple က ကန့်ကွက်ခဲ့သည်။
Apple အနေဖြင့် ဥပဒေကြောင်းဆိုင်ရာကိစ္စရပ်များအတွက် ဥရောပ၏ အမြင့်ဆုံးတရားရုံးဖြစ်သော ဥရောပသမဂ္ဂတရားမျှတမှုဆိုင်ရာတရားရုံး (Court of Justice of the European Union) သို့ ဆက်လက်အယူခံဝင်နိုင်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။
ရင်းမြစ်။ https://www.reuters.com
