အိုပက်နှင့် မိတ်ဖက်နိုင်ငံများက ရေနံထုတ်လုပ်မှုကို တိုးမြှင့်ရန် သဘောတူခဲ့ပြီးနောက် ရေနံဈေး တဖြည်းဖြည်းကျဆင်း
ရေနံတင်ပို့ရောင်းချသည့်နိုင်ငံများအဖွဲ့ (အိုပက်) နှင့် ရုရှားအပါအဝင် မိတ်ဖက်နိုင်ငံများက လာမည့် ဩဂုတ်လမှစ၍ ရေနံထုတ်လုပ်မှုတိုးမြှင့်ရန် သဘောတူခဲ့ကြပြီး တစ်ဖက်တွင်လည်း ဟော်မုဇ်ရေလက်ကြားမှ ရေနံပြန်လည်တင်ပို့နေရာ ရေနံဈေးသည် တနင်္လာနေ့မှစ၍ တဖြည်းဖြည်း ကျဆင်းလျက်ရှိပါသည်။
Brent စံချိန် ရေနံစိမ်းတစ်စည်၏ ကြိုပွိုင့်ဈေးသည် အမေရိကန်ဒေါ်လာ ၇၁.၁၈ ဖြင့် ၀.၄၇% ကျဆင်းခဲ့ပြီး West Texas Intermediate (WTI) စံချိန် ရေနံစိမ်းတစ်စည်၏ ကြိုပွိုင့်ဈေးသည် အမေရိကန်ဒေါ်လာ ၆၈.၄၉ ဖြင့် ၀.၂၉ % ကျဆင်းခဲ့ကြောင်း၊ ရေနံဈေးမှာ ပြီးခဲ့သည့် သီတင်းပတ်များကတည်းက ကျဆင်းနေသော်လည်း ရင်းနှီးမြှုပ်နှံသူများက အမေရိကန်-အီရန် ဆွေးနွေးမှုနှင့် ဟော်မုဇ်ရေလက်ကြားမှတဆင့် ရေနံပြန်လည်တင်ပို့နိုင်မှုတို့ကို စောင့်ကြည့်နေသောကြောင့် ရေနံဈေးသည် အပြောင်းအလဲ မြန်နေကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။
အိုပက်က ဩဂုတ်လတွင် ရေနံစည် ၁၈၈,၀၀၀ ထိ တိုးမြှင့်ထုတ်လုပ်ရန် သဘောတူညီခဲ့သော်လည်း အမေရိကန်-အီရန်စစ်ပွဲကြောင့် အိုပက်၏ အဓိကထုတ်လုပ်သူ ဆော်ဒီအာရေဗျ၊ ကူဝိတ်၊ အီရတ်တို့မှာ ဟော်မုဇ်ရေလက်ကြားမှ တင်ပို့ခွင့်မရသဖြင့် ထုတ်လုပ်မှုကို ကန့်သတ်ခဲ့ရခြင်း၊ UAE ကလည်း မေ ၁ ရက်မှစ၍ အိုပက်မှ နှုတ်ထွက်ခဲ့ခြင်းများကြောင့် ရောင်းလိုအားရပ်တန့်မသွားစေရန် ပင်လယ်ကွေ့နိုင်ငံများသည် တိုးမြှင့်တင်ပို့မှုများ ဆောင်ရွက်ခဲ့ရသည်။
အိုပက်သည် ပြီးခဲ့သည့် ဇွန်လက တစ်နေ့လျှင် ရေနံစည် ၃.၃ သန်း ထုတ်လုပ်ပြီး နှစ်ပေါင်း ၂၀ အတွင်း အမြင့်ဆုံးဖြစ်ကာ လောင်စာဆီတင်ပို့မှုသည် တစ်နေ့လျှင် စည်ပေါင်း ၁၀ သန်းရှိကြောင်း၊ ရုရှားအနောက်ဖက်ဆိပ်ကမ်းများမှ ရေနံတင်ပို့မှုများသည်လည်း ဇွန်လအတွင်း အမြင့်ဆုံးဖြစ်ကာ ဇူလိုင်လတွင်လည်း အလားတူဖြစ်မည်ဟု မျှော်မှန်းကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါသည်။
ရင်းမြစ်။ https://www.reuters.com/
