နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအပေါ် စိစစ်ကြပ်မတ်ရေးစည်းမျဉ်းသစ်များ ပိုမိုခိုင်မာအောင် ဆောင်ရွက်နေသည့် အီးယူ (EU)

 

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကြောင့် ဒေသတွင်းလုံခြုံရေးနှင့် အေးချမ်းတည်ငြိမ်မှုကို ထိခိုက်လာနိုင်မှုများကို ပိုမိုဖော်ထုတ်နိုင်ရန်နှင့် စုပေါင်းဖြေရှင်းနိုင်ရန်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စိစစ်ကြပ်မတ်ရေး စည်းမျဉ်းသစ်များကို ဇွန်လ ၂၆ ရက်တွင် အီးယူ (EU) က ထုတ်ပြန်ခဲ့သည်။ EU သည် ၎င်း၏ ပြည်ပရင်းနှီးမြှုပ်နှံမှုကို ယေဘုယျအားဖြင့် လမ်းဖွင့်ထားသည့်မူဝါဒအား ဆက်လက်ထားရှိပြီး အရေးကြီးကဏ္ဍများ၊ ပိုင်ဆိုင်မှုများနှင့် နည်းပညာများကို စနစ်တကျနှင့် ပိုမိုထိရောက်စွာ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်သည်။

ပြန်လည်စိစစ်မည့်ကဏ္ဍများတွင် သွယ်ဝိုက်ပြည်ပရင်းနှီးမြှုပ်နှံမှုများ (indirect foreign investment)၊ EU ပြင်ပနိုင်ငံများမှ EU ဒေသခံရင်းနှီးမြှုပ်နှံသူများကို ထိန်းချုပ်မှုများ၊ အရေးကြီးပြီး မဟာဗျူဟာမြောက်ကဏ္ဍများ (စစ်ဘက် - အရပ်ဘက် နှစ်မျိုးသုံးပစ္စည်း၊ နည်းပညာနှင့် ကုန်ကြမ်းပစ္စည်းများ)၊ ဘဏ္ဍာရေးဝန်ဆောင်မှုများ၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်နှင့် လျှပ်ကူးအခြေခံအဆောက်အအုံများ စသည်တို့ပါဝင်ပါသည်။

ထို့ပြင် နိုင်ငံအလိုက် စိစစ်ရေးလုပ်ငန်းစဉ် အချိန်ဇယားများသတ်မှတ်ခြင်း၊ လုံခြုံရေးနှင့် ပြည့်သူ့အကျိုးစီးပွားကို ကြီးမာစွာထိခိုက်နိုင်သည့်ကိစ္စရပ်များကိုသာ EU ၏ ပူးပေါင်းဆောင်ရွက်မှုယန္တရားသို့ တင်ပြရန်သတ်မှတ်ခြင်း၊ နိုင်ငံအလိုက်စိစစ်မှုများ၏ရလဒ်များကို အဖွဲ့ဝင်များအကြား မျှဝေစေခြင်းဖြင့် ပွင့်လင်းမြင်သာမှုရှိစေရန် ဆောင်ရွက်ထားခြင်းတို့ပါဝင်ပါသည်။

အဆိုပါ စည်းမျဉ်းအသစ်သည် လွှတ်တော်မှ တရားဝင်ခွင့်ပြုအပြီး (Regulation (EU) 2026/1386) ရက်ပေါင်း ၂၀ အကြာတွင် စတင်အသက်ဝင်မည်ဖြစ်ပါသည်။ EU အဖွဲ့ဝင်နိုင်ငံများက အဆိုပါစည်းမျဉ်းကို အကောင်အထည်ဖော်ရန် ၁၈ လ အချိန်ရရှိမည်ဖြစ်သည်။

EU ၏ ကုန်သွယ်ရေးနှင့် စီးပွားရေးလုံခြုံရေးဆိုင်ရာကော်မရှင်နာ MarošŠefčovič က ယခုပြန်လည်ပြင်ဆင်ထားသော စိစစ်ရေးမူဘောင်သည် EU ၏ စီးပွားရေးလုံခြုံရေးအတွက် အရေးပါသော ခြေလှမ်းသစ်တစ်ခုဖြစ်ကြောင်း၊ EU အနေနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကြောင့် ပေါ်ပေါက်လာမည့် စွန့်စားရမှုများကို ဖြေရှင်းနိုင်မည့်အပြင် အရေးကြီးနည်းပညာများ၊ အခြေခံအဆောက်အအုံများနှင့် ထောက်ပံ့ရေးကွင်းဆက်များကိုလည်း ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တံခါးဖွင့်ထားကာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် လုံခြုံစိတ်ချရသော ဒေသတစ်ခုအဖြစ် ဆက်လက်ဆွဲဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရင်းမြစ်။        https://policy.trade.ec.europa.eu/