ဂျပန်ကုမ္ပဏီ ၂၀ ကို တရုတ်က ပို့ကုန်ပိတ်ဆို့မှု (Blacklist) စာရင်းသွင်း

 

အရပ်ဘက် - စစ်ဘက် နှစ်မျိုးသုံးကုန်စည်များ တင်ပို့မှုကို တားဆီးပိတ်ပင်ရန်၊ အမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်နှင့် နိုင်ငံတကာကတိကဝတ်များကို ကျေပွန်စေရန် ဂျပန်၏ စစ်ရေးစွမ်းရည်မြှင့်တင်မှုတွင် ပါဝင်ပတ်သက်နေသော လုပ်ငန်းပေါင်း ၂၀ ကို ပို့ကုန် ပိတ်ဆို့မှုစာရင်းသို့ ထည့်သွင်းခဲ့ကြောင်း တရုတ်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန က ဇွန်လ ၂၉ ရက်နေ့ တွင် ထုတ်ပြန်ကြေညာခဲ့သည်။ 

နှစ်နိုင်ငံအကြားဆက်ဆံရေးမှာ ထိုင်ဝမ်ကျွန်းအရေးကြောင့် ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက မတည်ငြိမ်ခဲ့ဘဲ ယခုနှစ်ဖေဖော်ဝါရီလမှစ၍ တရုတ်သည် ဂျပန်ကုမ္ပဏီအများအပြားအပေါ် ပို့ကုန်ကန့်သတ်ချက်များ ချမှတ်ခဲ့ကြောင်း၊ တရုတ်၏ ပို့ကုန်ပိတ်ဆို့မှုစာရင်းတွင် ဂျပန်၊ ကာကွယ်ရေး ကဏ္ဍအတွက် အစိတ်အပိုင်းများနှင့် အင်ဂျင်နီယာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများပေးနေသည့် ကုမ္ပဏီများနှင့် နည်းပညာကုမ္ပဏီများပါဝင်ကြောင်း၊ ဂျပန်၊ အမျိုးသားကာကွယ်ရေးလေ့လာမှုသိပ္ပံ (National Institute for Defense Studies)၊ Mitsubishi Electric Defense နှင့် Space Technologies Corporation တို့လည်း ပါဝင်ကြောင်း သိရသည်။ 

တရုတ်သည် လျှပ်စစ်ကားများ၊ စမတ်ဖုန်းများ၊ ဒုံးကျည်လမ်းညွှန်စနစ်များနှင့် လေဆာကဲ့သို့သော  နည်းပညာမြင့် ထုတ်ကုန်အမျိုးမျိုးအတွက် မရှိမဖြစ်အရေးပါသည့် မြေရှားသတ္တုကို အများဆုံး ထုတ်လုပ်သန့်စင်သည့်နိုင်ငံဖြစ်ပြီး ယခုပို့ကုန်ပိတ်ဆို့မှုတွင် တရုတ် - ဂျပန် ပုံမှန်စီးပွားရေးနှင့် ကုန်သွယ်ရေးလုပ်ငန်းများ မပါဝင်ဘဲ တရားမျှတ၊ ကျိုးကြောင်းဆီလျော်၍ ဥပဒေနှင့်အညီဖြစ်ကြောင်း၊ တရုတ် စီးပွား/ကူးသန်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဖြည့်စွက်ပြောကြားခဲ့သည်။

ရင်းမြစ်-CNA