ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှု မက်ထရစ်တန် ၅.၇ သန်းအထိ မြင့်တက်လာနိုင်ကြောင်းခန့်မှန်း

 

ဖိလစ်ပိုင်နိုင်ငံတွင် စိုက်ပျိုးစရိတ်မြင့်မားလာခြင်း၊ စိုက်ပျိုးမည့်ဧရိယာ လျော့နည်းသွားခြင်းနှင့် ဆည်ရေပမာဏကျဆင်းလာခြင်းတို့ကြောင့် ပြည်တွင်းဆန်ထုတ်လုပ်မှု ကျဆင်းနိုင်ဖွယ်ရှိပြီး ပြည်တွင်းလိုအပ်ချက်ကို ဖြည့်စည်းနိုင်ရန် ယခုနှစ်ဆန်တင်သွင်းမှုပမာဏကို မက်ထရစ်တန် ၅.၇ သန်းအထိ တိုးမြှင့်လာနိုင်ဖွယ်ရှိကြောင်း အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာန (USDA) ၏ Grain and Feed Update အစီရင်ခံစာတွင် ခန့်မှန်းထားရာ ယင်းပမာဏသည် ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာန (DA) ကခန့်မှန်းထားသည့် မက်ထရစ်တန် ၄.၈ သန်းထက် ပိုမိုမြင့်မားနေကြောင်းကို Phil star Global သတင်းဌာနက ဖော်ပြထားသည်။

ဖိလစ်ပိုင်နိုင်ငံအစိုးရ၏ ဇွန်လ ၁၁ ရက်အထိ ထုတ်ပြန်ထားသော အချက်အလက်များအရ ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း ဆန်တန်ချိန် ၂.၄၂ သန်းကို တင်သွင်းထားပြီးဖြစ်ကြောင်း၊ သွင်းအားစု ကုန်ကျစရိတ်များ မြင့်တက်လာမှုကြောင့် တောင်သူများစိုက်ပျိုးမှုကို ထိခိုက်စေကာ ယခုနှစ်ဆန် စုစုပေါင်းထုတ်လုပ်မှုပမာဏသည် မူလခန့်မှန်းထားသည့် တန်ချိန် ၁၂.၄ သန်းထက် ၀.၈ % လျော့နည်းကာ တန်ချိန် ၁၂.၃ သန်းသို့ ကျဆင်းနိုင်မည်ဖြစ်ကြောင်း၊ မတ်လမှစတင်ကာ ဓာတ်မြေသြဇာစျေးနှုန်းများ မြင့်တက်လာခဲ့ပြီး ကမ္ဘာ့ယူရီးယား (Global Urea) မြေသြဇာစျေးနှုန်းမှာလည်း ၅၅ ကျော်အထိ သိသိသာသာမြင့်တက်လာမှုကြောင့် တောင်သူများ ဝင်ငွေကျဆင်းလာကာ စိုက်ပျိုးမြေတိုးချဲ့ စိုက်ပျိုးရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသည့်အပြင် လုံလောက်သော မိုးရေချိန်မရရှိမှုကြောင့် စပါးနှင့် ပြောင်း အဓိကစိုက်ပျိုးသည့် ဒေသများသို့ ရေပေးဝေနေသော အဓိကဆည်ကြီးများ၏ ရေလှောင်ပမာဏမှာလဲ သိသိသာသာလျော့ကျသွားကြောင်း USDA ၏အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာန၏ ယခင်ထုတ်ပြန်ချက်အရ ပြင်းထန်သောအယ်လ်နီညိုဖြစ်စဉ် (El Niño) ကြောင့် ဆန်ထုတ်လုပ်မှုပမာဏသည် တန်ချိန် ၇ သိန်း (၇၀၀,၀၀၀ MT) အထိ ကျဆင်းသွားနိုင်ကြောင်း၊ ထို့ပြင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ယခုနှစ် နောက်ဆုံးပတ်မှ ၂၀၂၇ ခုနှစ် အစောပိုင်းကာလတွင် နိုင်ငံအတွင်းအလယ်အလတ်မှ အားကောင်းသော အယ်လ်နီညိုဖြစ်စဉ်ကို ကြုံတွေ့ရနိုင်ကြောင်း၊ အဆိုပါ ရာသီဥတုဖြစ်စဉ်သည် ၂၀၂၄ ခုနှစ်က နောက်ဆုံးဖြစ်ပွားခဲ့ပြီး ၎င်းကာလအတွင်း ကာလရှည်ကြာခြောက်သွေ့မှုများကြောင့် စိုက်ပျိုးရေး ထုတ်လုပ်မှုအများအပြား ထိခိုက်ခဲ့ကြောင်း သိရှိရပါသည်။

ရင်းမြစ်။        https://www.philstar.com/business/