AI နည်းပညာအသုံးပြုရန် အဆင်သင့်ဖြစ်မှု (AI Readiness) အတွက် သတင်းအချက်အလက် နည်းပညာ သဘောတူညီချက် (ITA) ၏ အခန်းကဏ္ဍကို ဆွေးနွေးခဲ့ကြ
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ သတင်းအချက်အလက်နည်းပညာသဘောတူညီချက် (ITA) ကော်မတီက ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် ITA သဘောတူညီချက်မှ တစ်ဆင့် AI နည်းပညာ ပိုမိုအသုံးပြုနိုင်ရန် နည်းလမ်းများကို ဖော်ထုတ်နိုင်ရေး ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးပွဲရည်ရွယ်ချက်မှာ ICT အခြေခံအဆောက်အအုံအပေါ် AI နည်းပညာ၏ အလွန်အမင်း မှီခိုနေရမှုကို သိရှိနားလည်စေရန်နှင့် IT ကုန်စည်များကို အခွန်ကင်းလွတ်ခွင့်ပေးခြင်းမှ ကုန်ကျစရိတ်လျှော့ချနိုင်ခြင်း၊ နောက်ဆုံးပေါ်နည်းပညာများ ပိုမိုအကောင်အထည်ဖော်နိုင်ခြင်းနှင့် IT ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိစေခြင်း စသည့်အကျိုးကျေးဇူးများကို အသိပညာမြှင့်တင်ပေးရန်ဖြစ်ပါသည်။
ဆွေးနွေးပွဲကို ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့က ပူးတွဲဦးဆောင်ခဲ့ပြီး တရုတ်နိုင်ငံ၊ University of International Business and Economics နှင့် ထိုင်းနိုင်ငံ၊ Big Data Institute တို့က AI အခြေခံအဆောက်အအုံတွင် ကွာဟမှုများအတွက် ITA သဘောတူညီချက်မှတဆင့် ကုန်သွယ်မှုဖွင့်လှစ်ပေးရေး၊ AI စနစ်နှင့် ဒီဂျစ်တယ်ဝန်ဆောင်မှု ဂေဟစနစ်တို့အတွက် လိုအပ်သော Hardware များ ဈေးနှုန်းလျော့ကျရေးကိုလည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ eCourier Limited နှင့် တရုတ်နိုင်ငံ၊ INMO Technology တို့က ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် hardware အရေးပါပုံ၊ AI နည်းပညာအတွက် အတားအဆီးများ၊ အားလုံးပါဝင်နိုင်သော ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုအတွက် ကုန်သွယ်ရေးအတားအဆီးများကိုဖယ်ရှားရာတွင် ITA နှင့် WTO တို့၏ အခန်းကဏ္ဍတို့ကိုလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာတယ်လီကွန်ဆက်သွယ်ရေးအဖွဲ့ချုပ် (ITU) က ကမ္ဘာတစ်ဝန်း အပြန်အလှန် ချိတ်ဆက်အသုံးပြုနိုင်ရေး နိုင်ငံတကာစံနှုန်းများ၏ အရေးကြီးမှုကိုလည်းကောင်း အသီးသီး တင်ပြဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ တက်ရောက်သူများက ITA သဘောတူညီချက်တွင်အကျုံးဝင်သည့် ကုန်စည်အမျိုးအမည်များကို တိုးမြှင့်သတ်မှတ်နိုင်ရေး၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အောက်ရှိ အခြားကော်မတီများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDC) ၏ ဒီဂျစ်တယ်အခြေခံ အဆောက်အအုံကွာဟချက်ကို လျှော့ချနိုင်ရေး နည်းလမ်းများကို ဆွေးနွေးသွားရန် အကြံပြုခဲ့ကြပါသည်။
ITA ကော်မတီ၏ ပုံမှန်အစည်းအဝေး
ကော်မတီအစည်းအဝေးတွင် ဗီယက်နမ်က ITA II သဘောတူညီချက်တွင် ပါဝင်သွားမည်ဖြစ်ကြောင်း တရားဝင်အသိပေးပြောကြားခဲ့ပြီး ဇူလိုင်လတွင် ဟနွိုင်း၌ အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲ ၁ ခု ကျင်းပရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ဗီယက်နမ်နိုင်ငံသည် လျှပ်စစ်ပစ္စည်းနှင့် အဆင့်မြင့်နည်းပညာ ထုတ်ကုန်များအတွက် ဒေသတွင်း အချက်အချာနိုင်ငံဖြစ်လာသည်နှင့်အမျှ ITA သဘောတူညီချက် မူဘောင်အောက်တွင် ပိုမိုပူးပေါင်းဆောင်ရွက်ရာမှ အကျိုးကျေးဇူးများကို သိရှိနားလည်ပါကြောင်း ပြောကြားခဲ့သည်။ အဖွဲ့ဝင်နိုင်ငံအချို့က ဗီယက်နမ်၏ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပြီး ITA သဘောတူညီချက်တွင်အကျုံးဝင်သည့် ကုန်စည်အမျိုးအမည်များ တိုးချဲ့မှုအစီအစဉ်မူကြမ်းကို ဖြန့်ဝေရန် ပြောကြားခဲ့သည်။
ထို့ပြင် အီဂျစ်နိုင်ငံက မိုဘိုင်းလ်ဖုန်းတင်သွင်းမှုအပေါ် ထပ်ဆောင်းအခွန် ၁၀ % ကောက်ခံမှုကိုလည်း ဆွေးနွေးခဲ့ကြပြီး အီဂျစ်နိုင်ငံက ပြည်တွင်း၊ သက်ဆိုင်ရာဌာနများအကြား ဆွေးနွေးညှိနှိုင်းလျက်ရှိပြီး တိုးတက်မှုအခြေအနေများကို ကော်မတီသို့ အသိပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ IT ကုန်စည်များကုန်သွယ်ရာတွင် အဟန့်အတားဖြစ်စေမည့် အဓိကကုန်သွယ်မှု အတားအဆီးများကို ဖော်ထုတ်ရန်ဆွေးနွေးခဲ့ကြပြီး အခွန်ကင်းလွတ်ခွင့်ရရှိသော ITA ၏ နောက်ဆက်တွဲ (ခ) ထုတ်ကုန်များစာရင်းတွင် သဘောထားကွဲလွဲချက်များကို စနစ်တကျဖြေရှင်းနိုင်မည့် နည်းလမ်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရင်းမြစ်။ www.wto.org
