အာဖရိက၏ ဆန်ဝယ်လိုအားကျဆင်းမှုနှင့် ဘင်္ဂလားဒေ့ရှ်၏ ဆန်ဈေးတက်မှုတို့ကြောင့် အိန္ဒိယဆန်တင်ပို့သူများ အခက်အခဲကြုံ

 

အိန္ဒိယ ဆန်ပို့ကုန်လုပ်ငန်းရှင်များသည် ပထဝီနိုင်ငံရေးတင်းမာမှုများ၊ ဘင်္ဂလားဒေ့ရှ်၏ ဆန်ဈေးနှုန်း ဆက်တိုက်မြင့်တက်နေမှု၊ အာဖရိကကဲ့သို့ အဓိကဆန်ဈေးကွက်များတွင် ဝယ်လိုအားကျဆင်းနေမှု စသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း၊ ယင်းသို့ ဝယ်လိုအားကျဆင်းခြင်း၊ ဈေးနှုန်းဖိအားများနှင့် အခြားဆန်တင်ပို့သည့်နိုင်ငံများမှ ဈေးကွက်ယှဉ်ပြိုင်မှု တိုးမြှင့်လာခြင်းတို့ကြောင့် ၂၀၂၆ ခုနှစ်အတွင်း အိန္ဒိယ၏ ဆန်တင်ပို့မှုသည် ၁၀% နီးပါးကျဆင်းသွားနိုင်ကြောင်း ခန့်မှန်းထားသည်။

အိန္ဒိယ၏ ဘာစမာတီမဟုတ်သောဆန် (Indian non-basmati rice) ကို အာဖရိကဈေးကွက်များသို့ အဓိကတင်ပို့နေသော်လည်း ဝယ်လက်များက အခြားဈေးနှုန်းသက်သာမည့် နည်းလမ်းများ ရှာဖွေလာသောကြောင့် ဈေးကွက်ပြိုင်ဆိုင်မှုများ ပိုမိုပြင်းထန်လာခဲ့ကြောင်း၊ အိန္ဒိယမှာ နိုင်ငံတကာ ဆန်ကုန်သွယ်မှုတွင် ဈေးကွက်အခိုင်အမာ ရရှိထားသော်လည်း ကမ္ဘာ့ဆန်ဈေးကျဆင်းခြင်းနှင့် ဈေးကောင်းမရခြင်းတို့ကြောင့် ဆန်ပို့ကုန်လုပ်ငန်းရှင်များ၏ ဝင်ငွေကို ထိခိုက်လျက်ရှိသည်။ 

အခက်အခဲများကို ကျော်လွှားရန်အတွက် ပို့ကုန်လုပ်ငန်းရှင်များသည် ဈေးကွက်သစ်များရှာဖွေခြင်း၊ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ခြင်းနှင့် ကုန်စည်စီးဆင်းမှုစနစ်များ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ အိန္ဒိယသည် ရေတိုအခက်အခဲများ ရှိနေသော်လည်း ဈေးကွက်သစ်များ ရှာဖွေခြင်းနှင့် တန်ဖိုးမြှင့်ဆန် ထုတ်လုပ်တင်ပို့မှုများ ဆောင်ရွက်နေသော ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သူ ဖြစ်သည်။ အိန္ဒိယ၏ ကမ္ဘာ့ဆန်တင်ပို့မှု တိုးတက်ရန်မှာ ထောက်ပံ့ပို့ဆောင်ရေး၊ အရည်အသွေးစံနှုန်းများနှင့် ဈေးကွက်ဗျူဟာများကိုမြှင့်တင်ရန် လိုအပ်ပါသည်။

ဆန်အလုံအလာက်ရှိသော်လည်း ဆန်ဈေးနှုန်းများ ဆက်လက်မြင့်မားနေသော ဘင်္ဂလားဒေ့ရှ်

ဘင်္ဂလားဒေ့ရှ်၏ လူကြိုက်များသော ဆန်အမျိုးအစားများဖြစ်သည့် Miniket နှင့် Nazirshail တို့ သည် လက်လီဈေးကွက်တွင် ဈေးနှုန်းမြင့်မားနေခြင်းကြောင့် စားသုံးသူများမှာ နေ့စဉ်စားသောက်စရိတ်မြင့်တက်မှုကို ကြုံတွေ့နေရကြောင်း၊ ယင်းသို့ ဆန်ဈေးကာလကြာရှည် မြင့်တက်နေမှုကို ဖြေရှင်းရန် အစိုးရက စားနပ်ရိက္ခာဖူလုံရေး အရန်ဆန်သိုလှောင်ရန် ဆန်တင်သွင်းခြင်းကို ဦးစားပေး ဆောင်ရွက်နေသော်လည်း ဈေးနှုန်းတည်ငြိမ်စေရေးမှာ စိန်ခေါ်မှုတစ်ရပ်အဖြစ်ရှိနေသည်။

ဈေးကွက်စောင့်ကြည့်သူများက ဈေးကွက်အတွင်း ဆန်ပုံမှန်ရရှိနေသော်လည်း စောင့်ကြည့်သည့်စနစ် အားနည်းမှု၊ ထောက်ပံ့ရေးကွင်းဆက်ပြဿနာများနှင့် ဈေးကွက်အတွင်း မတရားခြယ်လှယ်မှုများကြောင့် ဆန်ဈေးနှုန်းများမြင့်တက်ရကြောင်း၊ ဈေးကွက်ကို ထိရောက်စွာ မကိုင်တွယ်နိုင်သောကြောင့် စားသုံးသူများထံ အကျိုးကျေးဇူးများ မရောက်ရှိကြောင်း သုံးသပ်ခဲ့ကြသည်။ 

တာဝန်ရှိသူများအနေဖြင့် ဈေးကွက်အတွင်း စျေးနှုန်းသက်သာသော အရန်ဆန်များကို အများပြည်သူထံ တိုက်ရိုက်ရောင်းချပေးခြင်း၊ ဖြန့်ဖြူးရေးစနစ်များကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်းနှင့် တရားမျှတသော ဈေးနှုန်းယန္တရားများ အကောင်အထည်ဖော်ခြင်းတို့ကို ဆောင်ရွက်ရပါမည်။

ရင်းမြစ်။ https://iref.net/rice-news/