ပြည်တွင်းဆန်ကို ဦးစားပေးစားသုံးစေချင်သောကြောင့် ပြောင်းတင်သွင်းမှုကို ယာယီဆိုင်းငံ့ထားသည့် သီရိလင်္ကာ
သီရိလင်္ကာ၏ အဓိကလယ်ယာမြို့တော် Gannoruwa တွင် ကျင်းပပြုလုပ်ခဲ့သည့် “Agri Taste 2026” စားသောက်ကုန်ပြပွဲ ပိတ်ပွဲအခမ်းအနား၌ စိုက်ပျိုးရေး၊ ဆည်မြောင်း၊ မွေးမြူရေးနှင့် မြေယာဝန်ကြီး K.D.Lalkantha က ပြည်တွင်းဆန်ကို အဓိကကုန်ကြမ်းအဖြစ် အသုံးပြုသည့် စားသောက်မှုပုံစံသို့ ပြောင်းလဲနိုင်ရေး လတ်တလောတွင် ပြောင်းတင်သွင်းမှုကို ယာယီဆိုင်းငံ့ထားကြောင်း ပြောကြားခဲ့သည်။
ဝန်ကြီးက စားသောက်ကုန်လုပ်ငန်းသည် ကမ္ဘာ့အကြီးမားဆုံးသော လုပ်ငန်းကဏ္ဍကြီးများတွင် ပါဝင်သည့်အပြင် ယခုနှစ်၏ အယ်လ်နီညို (El Niño) ရာသီဥတုအကျိုးဆက်ကို ကြိုတင်ကာကွယ်နိုင်ရန် အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် ပြည်တွင်း၌ အခြေခံဆန်စပါးဖူလုံမှုရှိပါကြောင်း၊ လယ်သမားများသည် စိုက်ပျိုးရေးဌာနက Basmati နှင့် အလားသဏ္ဍာန်တူသော Keeri Samba စိုက်ပျိုးရန် မိတ်ဆက်ခဲ့သော်လည်း စိုက်ပျိုးမှုမရှိ၍ ဆန်ပြတ်လပ်မှုမရှိစေရန် Basmati ဆန်ကို တင်သွင်းခဲ့ရကြောင်း၊ ယင်းသို့တင်သွင်းမှုကိုကြည့်၍ နိုင်ငံ၌ ဆန်စပါးထုတ်လုပ်မှုမလုံလောက်ဟု ပြော၍မရကြောင်း၊ ထို့ပြင် ဆန်ထုတ်လုပ်မှုတိုးမြှင့်ကာ နိုင်ငံ၏ စားသောက်ကုန်ပုံစံကို အဓိက စိုက်ပျိုးထွက်ကုန်ဖြစ်သည့် ဆန်ကို အခြေခံထုတ်လုပ်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အသေးစား၊ အလတ်စားနှင့် အကြီးစားစားသောက်ကုန်ထုတ်လုပ်သူများအနေဖြင့် ဆန်ကို အဓိကကုန်ကြမ်းအဖြစ် အသုံးပြု၍ ထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်သွားကြရန် တိုက်တွန်းခဲ့ကြောင်း dailynews.lk သတင်းတွင် ဖော်ပြထားသည်။
ရင်းမြစ်။ https://dailynews.lk/
