ပို့ကုန်မြှင့်တင်ရန်အလားအလာရှိသော ကျေးရွာများကို အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီးဌာနက သတ်မှတ်

 

အင်ဒိုနီးရှား၊ ကုန်သွယ်ရေးဝန်ကြီးဌာန၏ "ပို့ကုန်ထုတ်ကျေးရွာများအစီအစဉ် (Desa Bisa Ekspor)" အရ နိုင်ငံတွင်း ပို့ကုန်လုပ်ငန်းရှင်အင်အားစုကို တိုးချဲ့ရန်နှင့် ဒေသထွက်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ တိုးမြှင့်တင်ပို့နိုင်ရန် နိုင်ငံတစ်ဝန်း ကျေးရွာပေါင်း ၂,၆၁၆ ရွာကို သတ်မှတ်ထားကြောင်း အင်ဒိုနီးရှားသတင်းဌာန အင်တာရာက ဖော်ပြထားသည်။

ဝန်ဆောင်မှုနှင့် ဖန်တီးထုတ်လုပ်မှုများ တင်ပို့မှုတိုးတက်ရေးဌာန၊ ညွှန်ကြားရေးမှူး Ari Satria က ယခုအစီအစဉ်သည် ကျေးရွာများ၏ ထူးခြားသောအရည်အသွေးအလိုက် ဒေသတွင်းပို့ကုန်ဂေဟစနစ် တည်ဆောက်နိုင်ရေး ကြိုးပမ်းမှုတစ်ရပ်ဖြစ်ကြောင်း၊ ကျေးရွာများတွင် အခြေခံကုန်စည်များကိုသာ အဓိကထုတ်လုပ်သဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ကျေးရွာအလိုက် ပို့ကုန်တင်ပို့နိုင်မှုအခြေအနေအရ အုပ်စုခွဲထားပြီး လိုအပ်သောအကူအညီများကို ထိရောက်စွာ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ (MSMEs) များ ပြည်ပဝယ်လက်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ကနဦး ကြားခံညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ သို့မှသာ လက်ကားဝယ်သူများ (သို့မဟုတ်) ဒိုင်များနှင့်ဆက်သွယ်မိကာ ကုန်စည်ထုတ်လုပ်ရေးနှင့် အရောင်းမြှင့်တင်ရေးတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပို့ကုန်ဈေးကွက်များ၏ လိုအပ်ချက်များဖြစ်သည့် အစားအစာဘေးကင်းလုံခြုံရေး၊ ဟလာလ် (Halal) လက်မှတ်နှင့် အခြားစည်းမျဉ်းစံနှုန်းများကို MSMEs များ နားလည်ရန်နှင့် အဆိုပါလိုအပ်ချက်များ အတိုင်းထုတ်လုပ်နိုင်ရန် အစီအစဉ်များလည်းရှိကြောင်း၊ သို့မှသာ MSMEs များအနေဖြင့် နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်နိုင်မှာဖြစ်ကြောင်း၊ နိုင်ငံတကာကုန်သွယ်မှုမှ ရရှိသည့်အကျိုးကျေးဇူးများကို ဒေသခံများပိုမိုရရှိရေး ကျေးရွာများ၏ အဓိကထွက်ကုန်များကို တန်ဖိုးမြှင့်ပို့ကုန်အဖြစ် ထုတ်လုပ်ပြီး ပြည်ပပို့ကုန်အတွက် အလားအလာကောင်းများ ပေါ်ထွက်လာစေရန် အစိုးရက ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ညွှန်ကြားရေးမှူး Ari Satria က ပြောကြားခဲ့သည်။

ရင်းမြစ်။        https://en.antaranews.com/