ကမ္ဘောဒီးယားနိုင်ငံ၏ ဆန်တင်ပို့မှု ၃၀ % နီးပါးမြင့်တက်

 

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၆ ခုနှစ်၊ ပထမ ၄ လ အတွင်း အမေရိကန်ဒေါ်လာ ၂၆၆ သန်းကျော် တန်ဖိုးရှိ ဆန်တန်ချိန် ၄၇၀,၀၀၀ နီးပါး တင်ပို့ခဲ့ပြီး ယမန်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၃၀ % နီးပါး ပိုမိုမြင့်တက်လာကြောင်း၊ ပို့ကုန်ကုမ္ပဏီ ၆၁ ခုက နိုင်ငံပေါင်း ၆၀ သို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ပထမ ၄ လတွင် ဆန်တန်ချိန် ၂၈၂,၃၁၅  တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀၉.၂၂ သန်း ရရှိခဲ့ကြောင်း ကမ္ဘောဒီးယားဆန်စပါးအဖွဲ့ချုပ် (CRF) က ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရှိရပါသည်။

၂၀၂၆ ခုနှစ်၊ ပထမ ၄ လအတွင်း ကမ္ဘောဒီးယားဆန်အဓိကတင်သွင်းသောနိုင်ငံများမှာ တရုတ် (ဆန်တန်ချိန် ၁၂၉,၃၃၂၊ အမေရိကန်ဒေါ်လာ ၇၅.၈၈ သန်း)၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ (ဆန်တန်ချိန် ၁၇၇,၇၆၁၊ အမေရိကန်ဒေါ်လာ ၇၂.၁၄ သန်း)၊ ဥရောပနိုင်ငံများ (ဆန်တန်ချိန် ၁၂၆,၁၀၈၊ အမေရိကန်ဒေါ်လာ ၈၅.၄၄ သန်း) နှင့် အခြားစျေးကွက်များဖြစ်ကြောင်း သိရှိရပါသည်။

အများဆုံးတင်ပို့ခဲ့ရသည့်ဆန်အမျိုးအစားများမှာ ဆန်မွှေး ၅၈.၆၆ %၊ ဆန်ဖြူ ၂၁.၃၈ %၊ ပေါင်းဆန် ၁.၆၉ %၊ သဘာဝဓါတ်မြေဩဇာသုံး (အော်ဂဲနစ်) ဆန် ၀.၈၉ %၊ ဆန်ကွဲ ၁၇.၁၈ % နှင့် အခြားဆန် အမျိုးအစား ၀.၂ % တို့ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားသည် စပါးတန်ချိန် ၂,၆၈၀,၈၉၁ တင်ပို့ခဲ့သော်လည်း ယင်းပမာဏမှာ ၂၀၂၅ ခုနှစ်၊ ပထမ ၄ လအတွင်း တင်ပို့ခဲ့သည့် စပါးတန်ချိန် ၃,၀၃၁,၄၃၁ နှင့်နှိုင်းယှဉ်ပါက ကျဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း၊ စပါးတင်ပို့မှုမှ ရရှိသည့်ဝင်ငွေမှာလည်း ယခင် အမေရိကန်ဒေါ်လာ ၇၂၃.၀၅ သန်းရှိခဲ့ရာ ယခုအခါ အမေရိကန်ဒေါ်လာ ၅၇၆.၁ သန်းသို့ လျော့ကျသွားခဲ့ကြောင်း သိရှိရပါသည်။

ကမ္ဘောဒီးယား၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ချမ်နီမိုးလ် (Cham Nimul) က ကမ္ဘောဒီးယားဆန်စပါးအဖွဲ့ချုပ်(CRF)၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများနှင့် အခြားသက်ဆိုင်ရာ အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုကြောင့် ကမ္ဘောဒီးယားအနေဖြင့် ဆန်စပါးအမြောက်အမြား ပိုလျှံစွာထုတ်လုပ်နိုင်သည့် နိုင်ငံတစ်ခုအဖြစ်သို့ ပြောင်းလဲလာနိုင်ခဲ့ပြီဖြစ်ကြောင်း၊ တရုတ်သို့ ဆန်တန်ချိန် ၅၀၀,၀၀၀ တင်ပို့ရန် နားလည်မှုစာချွန်လွှာရေးထိုးထားပြီး အင်ဒိုနီးရှားသို့ ဆန်တန်ချိန် ၃၇,၅၀၀ နှင့် တီမောလက်စ်တေ (အရှေ့တီမော) နိုင်ငံသို့ ဆန်တန်ချိန် ၄,၀၀၀ ကို ဂရင်းထရိတ် (Green Trade) ကုမ္ပဏီမှတစ်ဆင့် တင်ပို့သွားမည်ဖြစ်ကြောင်း၊ ဆန်စပါးသည် ကမ္ဘောဒီးယား၏ အဓိကစားနပ်ရိက္ခာနှင့် အာဟာရဓာတ်ဖူလုံမှုအတွက် မဟာဗျူဟာမြောက်သီးနှံဖြစ်ပြီး၊ ဦးစားပေး ပြည်ပပို့ကုန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ဆန်တန်ချိန် ၉၄၀,၃၂၁ ဖြင့် ၄၅.၅၉% တိုးတက်တင်ပို့ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၀၂.၄၁ သန်းဖြင့် ၂၂.၆၄ % တိုးမြှင့်ရရှိခဲ့ကြောင်း သိရှိရပါသည်။

ရင်းမြစ်။        https://borneobulletin.com