ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့် (LDC) မှ ဘင်္ဂလားဒေ့ရှ် လွတ်မြောက်သည့်တိုင် ဈေးကွက်ဝင်ရောက်ခွင့်ကို ဆက်လက်ခွင့်ပြုမည့် နယူးဇီလန်
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့် (LDC)မှ လွတ်မြောက်သည့်တိုင် နယူးဇီလန်အနေဖြင့် ဘင်္ဂလားဒေ့ရှ် ကုန်စည်များအပေါ် အခွန်ကင်းလွတ်ခွင့်နှင့် ဦးစားပေး ဈေးကွက်ဝင်ရောက်ခွင့်ကို ဆက်လက်ခွင့်ပြုပေးမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ နယူးဇီလန်သံအမတ်ကြီး David Pine က ဘင်္ဂလားဒေ့ရှ်၊ စီးပွား/ကူးသန်းဝန်ကြီး Khandakar Abdul Muktadir နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးမှ အကျိုးအမြတ်များရရှိရန်မှာ လက်ရှိ ကမ္ဘာ့အခြေအနေအရ ပို့ကုန်ဈေးကွက်များ ဖြန့်ခွဲခြင်းသာမက သွင်းကုန်အမျိုးအစားများလည်း တိုးချဲ့ရန်လိုအပ်ကြောင်း၊ နယူးဇီလန် ထုတ်ကုန်များသည် ယုံကြည်စိတ်ချရမှု၊ အရည်အသွေးမြင့်မားမှု၊ အစားအစာဘေးကင်းလုံခြုံမှုနှင့် မျိုးရိုးဗီဇမပြုပြင်ထားခြင်းတို့ကြောင့် ကျော်ကြားသလို နှစ်ဖက်ရေရှည်တည်တံ့ခိုင်မာသည့် ကုန်သွယ်ရေးစနစ်တစ်ခုတည်ဆောက်လိုကြောင်း David Pine က ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်၊ ပို့ကုန်မြှင့်တင်ရေးအဖွဲ့၏ အချက်အလက်များအရ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်မှ နယူးဇီလန်သို့ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၉၉.၇၃ သန်း တင်ပို့ခဲ့ပြီး၊ ပို့ကုန် ၉၀ % မှာ အဝတ်အထည်များဖြစ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဇူလိုင်လမှဧပြီလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၇၈.၉၃ သန်း ရှိခဲ့ကြောင်း သိရှိရသည်။
ဘင်္ဂလားဒေ့ရှ်၊ စီးပွား/ကူးသန်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရန် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်ကဲ့သို့ ကုန်သွယ် ရေးသဘောတူညီချက်များ ပြုလုပ်ရန် နှစ်ဖက်စလုံးက စိတ်ပါဝင်စားကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် LDC အဆင့်မှ ရေရှည်လွတ်မြောက်နိုင်ရေး အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု တစ်ရှိန်ထိုးတိုးမြှင့်ခြင်းတို့သည် မရှိမဖြစ်လိုအပ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် အဓိက ပို့ကုန်ဖြစ်သော အထည်ချုပ်လုပ်ငန်း၏ ယှဉ်ပြိုင်နိုင်မှုကို ဆက်လက်ထိန်းသိမ်းထားရန်နှင့် ပိုမိုသက်သာသော ဈေးကွက်အခွင့်အရေးများရရန် လိုအပ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်တွင် စီးပွားရေးလုပ်ငန်းများ ပိုမို လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရန် အစိုးရက အစီအမံများစွာ ချမှတ်ထားသောကြောင့် နယူးဇီလန် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအား လာရောက်ရင်းနှီးမြှုပ်နှံရန် တိုက်တွန်းလိုကြောင်း ဝန်ကြီး Muktadir က ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်သည် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် LDC အဆင့်မှလွတ်မြောက်ရန် သတ်မှတ်ထားသော်လည်း အဆိုပါကာလကို နောက်ထပ် ၃ နှစ်ကြာ ၂၀၂၉ ခုနှစ်သို့ ရွှေ့ဆိုင်းပေးရန် ကုလသမဂ္ဂထံ လျှောက်ထားခဲ့ကြောင်း၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့် (LDC) မှ လွတ်မြောက်သော်လည်း ဘင်္ဂလားဒေ့ရှ်အား ယူကေ၊ ကနေဒါနှင့် ဩစတြေးလျတို့က ဦးစားပေး ဈေးကွက်ဝင်ရောက်ခွင့်များ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ဘင်္ဂလားဒေ့ရှ်သည် LDC အဆင့်မှ လွတ်မြောက်ပြီးနောက် အခြားကုန်သွယ်ဖက်နိုင်ငံများနှင့် အခွန်ကင်းလွတ်ခွင့်များ ဆက်လက်ရရှိရေး ကုန်သွယ်ရေးသဘောတူညီချက်များပြုလုပ်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်ပို့ကုန်၏ ၇၅ % နီးပါးသည် ဖွံဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) အတွက် ပေးအပ်ထားသည့် အထူးအခွင့်အရေးကြောင့်ဖြစ်ပြီး LDC အဆင့်မှ လွတ်မြောက်ပြီးနောက် နှစ်စဉ်ပို့ကုန်ဝင်ငွေဒေါ်လာ ၁၇.၅ ဘီလီယံခန့် ဆုံးရှုံးနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သိရှိရပါသည်။
ရင်းမြစ်။ https://www.thedailystar.net/
