အမေရိကန်၏ သွင်းကုန်ခွန်ပြန်လည်ထုတ်ပေးခြင်း (Tariff Refund) လုပ်ငန်းစဉ် စတင်
သမ္မတထရမ့်၏ သွင်းကုန်ခွန်ကောက်ခံမှုများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီဟု အမေရိကန်တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပြီးနောက် ထိခိုက်နစ်နာခဲ့သည့် အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များအတွက် ပြန်အမ်းငွေလုပ်ငန်းစဉ်ကို စတင်နေပြီဖြစ်သည်။
အမေရိကန်အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေးဌာန (Customs and Border Protection - CBP) က သွင်းကုန်လုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ ၁၆၆ ဘီလီယံခန့်ကို ပြန်လည်ထုတ်ပေးနိုင်ရန် အွန်လိုင်းပလက်ဖောင်းတစ်ခုကို ယခုသီတင်းပတ်အတွင်း ဖွင့်လှစ်ခဲ့ပါသည်။ သွင်းကုန်ခွန် ပြန်လည်ထုတ်ပေးခြင်းအတွက် ပထမအဆင့်ဖြစ်သော အမည်စာရင်းတင်သွင်းခြင်းတွင် (Consolidated Administration and Processing of Entries- Cape) လုပ်ငန်းရှင်များက ကြေညာလွှာများကို အဆင်ပြေချောမွေ့စွာတင်သွင်းနိုင်ခဲ့ကြောင်း၊ ရက်ပေါင်း ၈၀ အတွင်း တွက်ချက်ထားသော ဆုံးရှုံးခဲ့သည့် သွင်းကုန်ခွန်ပမာဏ သို့မဟုတ် မတွက်ချက်ထားပါကလည်း ခန့်မှန်းပမာဏတို့ကို ပြန်လည်စိစစ်နေကြောင်း သွင်းကုန်ခွန်ပြန်လည်ထုတ်ပေးခြင်း (Tariff Refund) လုပ်ငန်းစဉ်တွင် မိတ်ဖက်အဖြစ် ပါဝင်ခဲ့သည့် ဥပဒေအကျိုးဆောင် Andrew Caridas ပြောကြားခဲ့သည်။
ပြန်အမ်းငွေတောင်းခံရန် သတ်မှတ်ထားသော အချက်အလက်များနှင့် အထောက်အကူ စာရွက်စာတမ်းများ မပါရှိသော အမှုတွဲများကို ပထမအဆင့်တွင် မထည့်ပေးတော့ပဲ တင်ပြမှုအမှား အစီရင်ခံစာများ (Submission Error Report) အဖြစ် ဖော်ပြထားပြီး အမေရိကန် အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေးဌာန (CBP) က ထပ်မံစိစစ်ရန် လိုအပ်သည့်အပိုင်းတွင် ထည့်သွင်းထားကြောင်း၊ CBP က ၎င်းကြေညာထားသည့် ရက်ပေါင်း ၆၀ မှ ၉၀ အတွင်း ငွေပြန်အမ်းခြင်းရှိ၊ မရှိကို စောင့်ကြည့်လေ့လာသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ယခုအစီအစဉ်မှာ သမ္မတထရမ့်က နိုင်ငံတကာအရေးပေါ် စီးပွားရေးလုပ်ပိုင်ခွင့်အက်ဥပဒေ(IEEPA) အရ ကမ္ဘာတစ်ဝန်းမှ တင်သွင်းလာသောကုန်ပစ္စည်းများအပေါ် သွင်းကုန်ခွန်ကောက်ခံခဲ့ခြင်းမှာ တရားမဝင်ကြောင်း ဖေဖော်ဝါရီလ ၂၀ ရက်တွင် တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပြီးနောက် စတင်အကောင်အထည်ဖော်ခြင်းဖြစ်ပါသည်။
ငွေပြန်အမ်းရန် လျှောက်ထားသည့် ကုမ္ပဏီများတွင် Costco၊ FedEx နှင့် Toyota ကုမ္ပဏီတို့ ပါဝင်ကြောင်း၊ သွင်းကုန်လုပ်ငန်းရှင် ၃၃၀,၀၀၀ ကျော်သည် ကုန်စည်တင်ပို့မှု ၅၃ သန်းကျော် အတွက် အခွန်ငွေ အမေရိကန်ဒေါ်လာ ၁၆၆ ဘီလီယံကျော် ပေးဆောင်ခဲ့ကြောင်း၊ ယခုအွန်လိုင်း ပလက်ဖောင်း မဖွင့်လှစ်မီတွင် ကုမ္ပဏီပေါင်း ၁,၀၀၀ ကျော်က အခွန်ငွေများပြန်လည်ရရှိရန် အမေရိကန် နိုင်ငံတကာကုန်သွယ်မှုတရားရုံးတွင် အစိုးရကို တရားစွဲဆိုထားကြောင်း၊ သွင်းကုန်ခွန် ပေးဆောင်ခဲ့သည့် တရားဝင်သွင်းကုန်လုပ်ငန်းရှင်များ သို့မဟုတ် ၎င်းတို့ကိုယ်စားဆောင်ရွက်ပေးသည့် အကောက်ခွန်ကိုယ်စားလှယ်များသာလျှင် အခွန်ပြန်အမ်းငွေတောင်းခံလွှာများကို လျှောက်ထားနိုင်မည်ဖြစ်ကြောင်း၊ ပြန်အမ်းငွေတောင်းခံရန် တောင်းဆိုမှုများပြားလွန်းသဖြင့် ငွေပြန်အမ်းခြင်းလုပ်ငန်းစဉ်မှာ ၁၂ လမှ ၁၈ လအထိ ကြာမြင့်နိုင်ကြောင်း နိုင်ငံတကာကုန်သွယ်ရေးရှေ့နေများက GTR သို့ ပြောကြားခဲ့ပါသည်။
ရင်းမြစ်။ https://www.gtreview.com
