တရုတ်နှင့် အာဆီယံတို့သည် ဒစ်ဂျစ်တယ်၊ အစိမ်းရောင်စီးပွားရေး၊ ထောက်ပံ့ရေးကွင်းဆက် ချိတ်ဆက်မှုတို့ ပါဝင်သည့် အဆင့်မြှင့်တင်ထားသော လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့
ကမ္ဘာ့မသေချာမရေရာမှုများ၊ အမေရိကန်နှင့် ကုန်သွယ်ရေးတင်းမာမှုများကြားမှ တရုတ်နှင့် အာဆီယံတို့သည် အဆင့်မြှင့်တင်ထားသော လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်ကို အောက်တိုဘာ ၂၈ ရက်နေ့တွင် တရားဝင်လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၀၂ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သော အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှုဧရိယာ (ACFTA)၏ ဒုတိယအကြိမ် အဆင့်မြှင့်တင်မှုဖြစ်ပါသည်။
3.0 ဗားရှင်းဟုခေါ်သော သဘောတူညီချက်တွင် ဒစ်ဂျစ်တယ်၊ အစိမ်းရောင်စီးပွားရေးနှင့် ထောက်ပံ့ရေးကွင်းဆက်ချိတ်ဆက်မှုစသည့် နယ်ပယ်များပါဝင်ကာ တရုတ်၏ မူလရည်မှန်းချက်များဖြစ်သော တရုတ်နှင့် အာဆီယံကြား စိုက်ပျိုးရေး၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဆေးဝါးများ စသည့်ကဏ္ဍများတွင် စျေးကွက်ဝင်ရောက်ခွင့်ကို ထင်ဟပ်စေခဲ့ပါသည်။ အဆိုပါသဘောတူညီချက်ကို တရုတ်ဝန်ကြီးချုပ် Li Qiang နှင့် မလေးရှားဝန်ကြီးချုပ် Anwar Ibrahim တို့ ရှေ့မှောက်၌ တရုတ်၊ စီးပွား/ ကူးသန်းဝန်ကြီး Wang Wentao နှင့် မလေးရှား ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Tengku Zafrul Abdul Aziz တို့က လက်မှတ်ရေးထိုးခဲ့ကြပါသည်။
တရုတ်-အာဆီယံကုန်သွယ်မှုအခြေအနေ
တရုတ်အကောက်ခွန်ဌာန၏ အချက်အလက်များအရ တရုတ်သည် အာဆီယံ၏ အကြီးဆုံးကုန်သွယ် ဖက်အဖြစ် ၁၆ နှစ်ဆက်တိုက် ရပ်တည်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် ပထမသုံးလပတ်အတွင်း တရုတ်နှင့် အာဆီယံကြား ကုန်သွယ်မှုပမာဏသည် ယွမ် ၅.၅၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၇၈၅ ဘီလီယံခန့်) ရှိခဲ့ပြီး ယမန်နှစ်အလားတူကာလထက် ၉.၆% တိုးတက်ခဲ့ကြောင်း သိရသည်။
အာဆီယံစာရင်းဇယားများအရ အာဆီယံသည် စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) အမေရိကန်ဒေါ်လာ ၃.၉ ထရီလီယံဖြင့် ကမ္ဘာ့ပဉ္စမအကြီးဆုံး စီးပွားရေးအင်အားဖြစ်ကာ တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်လည်းဖြစ်ပြီး အပြန်အလှန်ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၇၇၁ ဘီလီယံရှိ ကြောင်း သိရသည်။
ယခုသဘောတူညီချက်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှ စတင်ညှိနှိုင်းခဲ့ပြီး တရုတ်၏ မြေရှားသတ္တုနှင့် အခြားအရေးကြီး ဓာတ်သတ္တုများအပေါ် ပို့ကုန်ကန့်သတ်ချက်များအား ဝေဖန်မှုများကြားမှ တရုတ်၏ လွတ်လပ်သောကုန်သွယ်မှုနှင့် ပွင့်လင်းသောစီးပွားရေးကို အားပေးမှု ပြသသည့်အနေဖြင့် ထွက်ပေါ် လာခြင်းဖြစ်သည်။ လေ့လာသုံးသပ်သူများက အရှေ့တောင်အာရှ ရေရှည်တည်တံ့ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအတွက် အာဆီယံ - တရုတ်သဘောတူညီချက်ကို အဆင့်မြှင့်တင်ရန် လိုအပ်သော်လည်း အာဆီယံအနေဖြင့် တရုတ်စက်မှုလုပ်ငန်းများ၏ ပိုလျှံစွာ ထုတ်လုပ်နိုင်မှုသည် ဒေသတွင်းကို အနှောက်အယှက်မဖြစ်စေရန် သတိထားသင့်ကြောင်း ပြောကြားကြသည်။
တရုတ်-အမေရိကန် ကုန်သွယ်မှုစစ်ပွဲအရှိန်မြှင့်တင်ခြင်းမှ ရှောင်ရှားရန် ကြိုးပမ်းနေစဉ်အတွင်း ယခုသဘောတူညီချက်အသစ်အား လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကာ အမေရိကန်သည် တရုတ်အပြင် မလေးရှား၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် ဗီယက်နမ်စသည့် အာဆီယံနိုင်ငံများနှင့်လည်း ကုန်သွယ်မှုသဘော တူညီချက်များ လက်မှတ်ရေးထိုးသွားမည်ဖြစ်ပါသည်။
စင်ကာပူဝန်ကြီးချုပ် Lawrence Wong က ယခုသဘောတူညီချက်ကို ဆောလျင်စွာ အတည်ပြုပြဋ္ဌာန်း နိုင်ရေး အာဆီယံအဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်းထားပြီး စင်ကာပူ၊ ကုန်သွယ်မှုနှင့် စက်မှုဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင် အရှေ့တောင်အာရှနှင့် တရုတ်တို့မှ စီးပွားရေးလုပ်ငန်းများအတွက် အဓိကကဏ္ဍများဖြစ်သော ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင်စီးပွားရေး၊ ထောက်ပံ့ရေးကွင်းဆက်၊ ဉာဏ်ရည်တု နှင့် fintech တို့တွင် အခွင့်အလမ်းကောင်းများပါရှိကြောင်း၊ မျှတမှုနှင့် ယှဉ်ပြိုင်မှုမရှိသော စီးပွားရေး လုပ်ထုံးလုပ်နည်းများအား ဆန့်ကျင်ပြီး အွန်လိုင်းနှင့် ပြည်ပမှ စားသုံးသူများအား ကာကွယ်ထား ကြောင်း ထုတ်ပြန်ခဲ့ပါသည်။
ဖိလစ်ပိုင်သမ္မတဆက်သွယ်ရေးရုံးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် သဘောတူညီချက်အသစ် လက်မှတ်ရေးထိုးမှုသည် အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှု အထိမ်းအမှတ်တစ်ခုဖြစ်ပြီး နှစ်ဖက်စလုံး၏ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရန် ကတိကဝတ်အား ထင်ဟပ်ခဲ့ကြောင်း ထုတ်ပြန်ထားပါသည်။
ရင်းမြစ်။ https://www.channelnewsasia.com/
