ထိုင်း ဆန်တင်ပို့သူများ အာရှဈေးကွက်သစ်များသို့ ဦးတည်

 

ထိုင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ထိုင်းဆန်တင်ပို့သူများအသင်းနှင့် တွေ့ဆုံကာ ယခုနှစ် နှစ်ဝက်အတွင်း ဆန်တင်ပို့မှုအတွက် ဆွေးနွေးခဲ့ကြောင်း၊ ဝန်ကြီးဌာနက တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီအာရေဗျ၊ ဂျပန်နှင့် ဟောင်ကောင်တို့သို့ ဆန်တိုးမြှင့်တင်ပို့ရန် စီမံချက်ရေးဆွဲပြီးဖြစ်ကြောင်း၊ အစိုးရချင်း သဘောတူညီချက်အရ တရုတ်သို့ တင်ပို့ရန် ကျန်ရှိသည့်ဆန်တန်ချိန် ၂၈၀,၀၀၀ ကိုတင်ပို့နိုင်ရန် တရုတ်တာဝန်ရှိသူနှင့် ထိုင်း၊ နိုင်ငံခြားကုန်သွယ်မှုဌာနတို့ ပူးပေါင်းဆောင်ရွက်ရန် မှာကြားထားကြောင်း ထိုင်း၊ စီးပွား/ကူးသန်းဝန်ကြီး JatupornBuruspat က ပြောကြားခဲ့ပါသည်။

ထိုင်း၊ ဆန်ဖြူနှင့် ပြုတ်ဆန်တို့ အဓိကဝယ်လက်များဖြစ်သော ဂျပန်၊ ဆော်ဒီအာရေဗျနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများ၊ ထိုင်းစံပယ်ရနံ့ဆန် တိုးမြှင့်ဝယ်ယူနေသော ဟောင်ကောင်တို့နှင့်လည်း ရောင်းအားတိုးမြှင့်ရန် ဝန်ကြီးဌာနသည် အာရုံစိုက်လျက်ရှိကြောင်းပြောကြားခဲ့ပါသည်။

ထိုင်းဆန်တင်ပို့သူများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ChookiatOphaswongse က ယခုနှစ်သည် ကမ္ဘာတလွှား ဆန်အလွန်အမင်းထုတ်လုပ်မှုနှင့် ဝယ်လိုအားကျဆင်းမှုတို့ကြောင့် စိန်ခေါ်မှုများကြောင်း၊ ပြီးခဲ့သည့်နှစ်က ဆန်တန်ချိန် ၄ သန်းဝယ်ယူခဲ့သော အင်ဒိုနီးရှားသည် ယခုနှစ်တွင် ဆန်အနည်းငယ်သာ ဝယ်ယူမည်ဟု ခန့်မှန်းထားကြောင်း၊ ဆန်ဈေးနှုန်းများမှာ တစ်ကီလိုဂရမ်လျှင် ၁၉-၂၀ ဘတ်မှ ၁၀.၅၀ ဘတ် အထိ ကျဆင်းသွားခဲ့ကြောင်း၊ ပြိုင်ဘက်များက ဆန်အရည်အသွေးကို တိုးမြှင့်လာခဲ့ပြီး ထိုင်းဆန် ဈေးနှုန်းဆက်လက်မြင့်မားနေပါက ဝယ်ယူသူများသည် အခြားရွေးချယ်စရာများဘက်သို့ လှည့်သွားနိုင်ကြောင်း၊ အလားအလာရှိသော တရုတ်နှင့် အရှေ့အလယ်ပိုင်းဒေသများအတွက် စျေးကွက်မြှင့်တင်ရေးဗျူဟာများ ချမှတ်ရမည်ဖြစ်ကာ အာရှအကြိုက် ပျော့ပျောင်းသောဆန်များ တိုးချဲ့ထုတ်လုပ်ရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

ထိုင်း၊ ဆန်တင်ပို့သူများအသင်းဥက္ကဋ္ဌ MrCharoen က ငွေလဲလှယ်နှုန်းသည် ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များ၏ ဆုံးဖြတ်ချက်ကို လွှမ်းမိုးသောအချက်ဖြစ်ရာ အစိုးရအနေဖြင့် ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရန် ထိုင်းဘတ်ငွေကြေးတန်ဖိုးကို ထိန်းထားသင့်ကြောင်း၊ ဆော်ဒီအာရေဗျ၊ ဂျပန်နှင့် အီရတ်တို့သို့ ထိုင်းဆန် တင်ပို့ရန် ပြင်ဆင်ထားသင့်ကြောင်း ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံသည် ယခုနှစ် ပထမ ၆ လအတွင်းဆန်တန်ချိန် ၃.၇၃ သန်း၊ တန်ဖိုးဘတ် ၇၅.၆ ဘီလီယံ တင်ပို့နိုင်ခဲ့ပြီး ပမာဏအားဖြင့် ၂၇.၃%၊ တန်ဖိုးအားဖြင့် ၃၆.၅% တိုးမြှင့်တင်ပို့ခဲ့ကြောင်း၊ ယခုနှစ်အတွင်း ဆန်တန်ချိန် ၇.၅ သန်းခန့် တင်ပို့နိုင်မည်ဟု ခန့်မှန်းထားကြောင်း နိုင်ငံခြားကုန်သွယ်ရေးဌာနက ပြောကြားထားပါသည်။

ရင်းမြစ်။        bangkokpost.com