၂၀၂၅ ခုနှစ်၊ ပထမသုံးလပတ်တွင် ဝန်ဆောင်မှုကုန်သွယ်ရေး တိုးတက်မှု နှေးကွေးခဲ့ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က သုံးသပ်

၂၀၂၅ ခုနှစ်၊ ပထမသုံးလပတ်အတွင်း ကမ္ဘာ့ဝန်ဆောင်မှုကုန်သွယ်ရေး တိုးတက်မှုနှုန်းသည် ပြီးခဲ့သည့်နှစ်များကထက် ၅ % သာ တိုးတက်ခဲ့ပြီး ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်များ၏ တစ်ဝက်ခန့်သာရှိကြောင်း၊ အမေရိကန်ဒေါ်လာသည် ယူရိုနှင့် အခြားငွေကြေးများနှင့်နှိုင်းယှဉ်လျှင် တန်ဖိုးတက်လာသော်လည်း စီးပွားရေးမတည်ငြိမ်မှုများနှင့် နှစ်စပိုင်းတွင် ဝန်ဆောင်မှုကုန်သွယ်ရေး နှေးကွေးမှုများ ဖြစ်စေခဲ့ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ သုံးသပ်ထားပါသည်။

၂၀၂၄ ခုနှစ် ပထမသုံးလပတ်အတွင်း   ၈ % နှင့် ၁၁ % တိုးတက်ခဲ့သော ဥရောပနှင့် မြောက်အမေရိကရှိ ဝန်ဆောင်မှုလုပ်ငန်းများသည် ၂၀၂၅ ခုနှစ် ပထမသုံးလပတ်တွင် ၃ % သာ တိုးတက်ခဲ့ကြောင်း၊ သို့သော် အာရှ၌ တိုးတက်မှုနှုန်း ၉ % ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း၊ ဝန်ဆောင်မှုကုန်သွယ်ရေး ကျဆင်းနေမှုမှာ ဒီဂျစ်တယ်နည်းဖြင့် ဝန်ဆောင်မှုပေးသော ငွေကြေးဝန်ဆောင်မှုများမှ ပညာရှင်ပိုင်းဝန်ဆောင်မှုများအထိ ပါဝင်သော အခြားစီးပွားရေးဝန်ဆောင်မှု လုပ်ငန်းများကြောင့် ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် အခြားစီးပွားရေးဝန်ဆောင်မှု လုပ်ငန်းများသည် ကမ္ဘာ့ဝန်ဆောင်မှု ကုန်သွယ်ရေး၌ ၆၀ % ပါဝင်ပြီး ၄၀ % မှာ ဥရောပမှ ဝန်ဆောင်မှုပို့ကုန်များဖြစ်ကြောင်း ဖော်ပြထားပါသည်။ 

၂၀၂၅ ခုနှစ်၊ ပထမသုံးလပတ်အတွင်း အခြားစီးပွားရေးဝန်ဆောင်မှုလုပ်ငန်းများ၏ ပို့ကုန်သည် ၂၀၂၄ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက လျော့ကျသွားပြီး ပညာရပ်ဆိုင်ရာ၊ နည်းပညာနှင့် ကုန်သွယ်ရေးဆိုင်ရာဝန်ဆောင်မှုများ၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ဆောင်မှုများသည်  အလယ်အလတ်အဆင့်ရှိခဲ့ကြောင်း၊ အမေရိကန်၏ အခြားစီးပွားရေးလုပ်ငန်းဝန်ဆောင်မှုသည် ၂၀၂၄ ခုနှစ်က ၈ % တိုးတက်မှုရှိသော်လည်း ၂၀၂၅ ခုနှစ်တွင် ၄ % သာ တိုးတက်ခဲ့ကြောင်း၊ ဥရောပသမဂ္ဂ၏ ဝန်ဆောင်မှုပို့ကုန်သည် အမေရိကန်ဒေါ်လာဖြင့် တိုင်းတာပါက မပြောင်းလဲသော်လည်း ယူရိုဖြင့်တိုင်းတာပါက ၄ % တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။ 

၂၀၂၅ ခုနှစ်၊ ပထမသုံးလပတ်အတွင်း ကမ္ဘာ့စီးပွားရေးမတည်ငြိမ်မှုများကြောင့် ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းကာ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများသည် ၃ % သာ တိုးတက်ခဲ့ကြောင်း၊ ထို့ပြင် ငွေလဲနှုန်း ပြောင်းလဲမှုများကြောင့် အမေရိကန်ဒေါ်လာဖြင့် ပြသသော တိုးတက်မှုများ ထိခိုက်ခဲ့ကြောင်း၊ ဥရောပသမဂ္ဂနှင့် အမေရိကန်တို့၏ ဝန်ဆောင်မှုပို့ကုန်သည် တစ်နှစ်လျှင် ၂ % သာတိုးတက်ခဲ့ပြီး ဆွစ်ဇာလန် ပို့ကုန်သည် ၃ % ကျဆင်းခဲ့ကြောင်း၊ သို့သော် ဗြိတိန်မှ အမေရိကန်သို့ ဝန်ဆောင်မှု ပို့ကုန်သည် ဆယ်ဂဏန်းထိ (၁၃ %)  တိုးတက်ခဲ့ကြောင်း  သိရှိရပါသည်။ 

ဉာဏပစ္စည်းဆိုင်ရာ ဝန်ဆောင်မှုများသည် ၂၀၂၅ ခုနှစ်၊ ပထမသုံးလပတ်အတွင်း ၄ % တိုးတက်ခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလတွင် ၇ % တိုးတက်ခဲ့ကြောင်း၊ ဉာဏပစ္စည်းဆိုင်ရာ ဝန်ဆောင်မှု ကုန်သွယ်ရေးလုပ်ငန်းများ၏ ၇၀ % ကို ဥရောပသမဂ္ဂနှင့် အမေရိကန်တို့က ဆောင်ရွက်နေကြောင်း၊ ငွေလဲနှုန်းမတည်ငြိမ်မှုများကြောင့် ဥရောပသမဂ္ဂ၏ ဝန်ဆောင်မှုပို့ကုန်ကို အမေရိကန်ဒေါ်လာဖြင့် တိုင်းတာပါက တစ်နှစ်လျှင် ၃ % သာ တိုးတက်ပြီး ယူရိုဖြင့်တိုင်းတာပါက ၆ % အထိ တိုးတက်ကြောင်း သိရှိရပါသည်။

ကမ္ဘာ့ဆောက်လုပ်ရေး ဝန်ဆောင်မှုလုပ်ငန်းများသည် ၂၀၂၄ ခုနှစ်၊ ပထမသုံးလပတ်အတွင်း ၂၅ % တိုးတက်ခဲ့သော်လည်း ၂၀၂၅ ခုနှစ်တွင် ၁၅ % ကျဆင်းခဲ့ကြောင်း၊ အကြောင်းရင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းများ အများဆုံးဆောင်ရွက်နေသော တရုတ်မှ ၂၅ %၊ ကိုရီးယားမှ ၁၅ % နှင့် ဥရောပသမဂ္ဂမှ ၆ % အသီးသီး ကျဆင်းမှုများကြောင့်ဖြစ်ပြီး မရေရာမှုများနှင့် ကုန်ကျစရိတ်များ တိုးလာခြင်းတို့ကြောင့် ရင်းနှီးမြှုပ်နှံမှုများ နှောင့်နှေးသွားခြင်းကြောင့်လည်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ကွန်ပျူတာဝန်ဆောင်မှုလုပ်ငန်းများသည် ဉာဏ်ရည်တု၊ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် ဆိုက်ဘာလုံခြုံရေးစသည်တို့၌ တိုးတက်မှုများကြောင့် ထိခိုက်မှုသိပ်မရှိဘဲ လက်ရှိနည်းပညာအသစ်များနှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုများအပေါ် စားသုံးသူများ စိတ်ဝင်စားမှုများကြောင့်  ဆက်လက်တိုးတက်မည်ဖြစ်ကြောင်း၊ ယခုကာလအတွင်း အိန္ဒိယ၏ ကွန်ပျူတာဝန်ဆောင်မှု လုပ်ငန်းများသည် ၁၃ % တိုးတက်ခဲ့ပြီး အိုင်ယာလန်သည် ၉ % တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

ကမ္ဘာ့သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုပို့ကုန်သည် ၂၀၂၄ ခုနှစ်၊ တတိယနှင့် စတုတ္ထသုံးလပတ်များက ကြိုတင်တင်ပို့မှုများကြောင့် တိုးတက်ခဲ့သလို ၂၀၂၅ ခုနှစ်၊ ပထမသုံးလပတ်တွင် ၃ % တိုးတက်ခဲ့ကြောင်း၊ အာရှသည် ၁၀ % ကျော်တိုးတက်ခဲ့ပြီး တရုတ်မှ ၃၁ % စင်္ကာပူနှင့် ကိုရီးယားတို့မှ ၂ % တိုးတက်မှုများကြောင့် ဖြစ်ကြောင်း၊ ကုန်ပစ္စည်းများအပေါ် ဝယ်လိုအား မြင့်တက်လာမှုကြောင့် တောင်အမေရိက၊ အလယ်အမေရိကနှင့် ကာရီဘီယံဒေသများတွင် သင်္ဘောဝန်ဆောင်မှုများအတွက် ငွေပေးချေမှုများ ၁၉ % တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

စီးပွားရေးနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ အခက်အခဲများကြားမှပင် ၂၀၂၅ ခုနှစ်၊ ပထမသုံးလပတ်အတွင်း နိုင်ငံတကာခရီးသွားလုပ်ငန်းသည်  ၅ % တိုးတက်ခဲ့ကြောင်း၊ ကုလသမဂ္ဂ ခရီးသွားလုပ်ငန်း အချက်အလက်များအရ ကိုဗစ်-၁၉ ကပ်ရောဂါ အလွန်ကာလတွင် ပထမဆုံးအကြိမ် နိုင်ငံတကာ ခရီးသွားဧည့်သည်ဦးရေသည် ၂၀၁၉ ခုနှစ်ထက် ၃ % မြင့်တက်ခဲ့ကြောင်း၊ အာရှခရီးသွားလုပ်ငန်းမှ ဝင်ငွေသည် ၁၃ % တိုးတက်ခဲ့ပြီး တရုတ်နိုင်ငံမှ ၉၆ % ၊ ဗီယက်နမ်နိုင်ငံမှ ၃၃ % ၊ ဂျပန်နိုင်ငံမှ ၂၅ % နှင့် ထိုင်းနိုင်ငံမှ ၁၈ % အသီးသီး တိုးတက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ဆန့်ကျင်ဘက်အနေဖြင့် မြောက်အမေရိက၏ ခရီးသွားဝင်ငွေများမှာ ၁ % ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၅ ခုနှစ်၊ ပထမ ငါးလအတွင်း ဝန်ဆောင်မှုကုန်သွယ်ရေးသည် တရုတ်တွင် ၁၃ %၊  အိန္ဒိယတွင် ၁၂ % နှင့် ဂျပန်တွင် ၁၁ % အပါအဝင် အာရှနိုင်ငံများ၌ ဆယ်ဂဏန်း တိုးတက်မှုရှိခဲ့ကြောင်း၊ အမေရိကန်၏ ဝန်ဆောင်မှုကဏ္ဍသည် ၅ % ၊ ဥရောပသမဂ္ဂ၏ အဖွဲ့ဝင်မဟုတ်သောနိုင်ငံများသို့ ဝန်ဆောင်မှုပို့ကုန်သည် ၃ %နှင့် ဝန်ဆောင်မှုသွင်းကုန်သည် ၆ %တိုးတက်ခဲ့ကြောင်း၊ ဗြိတိန်၏ ဝန်ဆောင်မှုပို့ကုန်သည် ၉ % နှင့် သွင်းကုန်သည် ၁၃ % မြင့်တက်ခဲ့ပြီး၊ ကနေဒါတွင် ၆% ကျဆင်းခဲ့ကြောင်း သိရပါသည်။

သုံးလပတ်အလိုက် စာရင်းအင်းများသည် ထုတ်ဝေချိန်အထိ ခန့်မှန်းချက်များသာဖြစ်ပြီး မကြာခဏ ပြင်ဆင်မှုများ ပြုလုပ်နိုင်ပါသည်။ ၎င်းတို့ကို  WTO Stats တွင် လစဉ်စာရင်းများနှင့်အတူ ဒေါင်းလုဒ် ရယူနိုင်ပါသည်။ နှစ်စဉ်ဝန်ဆောင်မှုကုန်သွယ်ရေးဆိုင်ရာ အချက်အလက်များနှင့် ဆက်စပ်ရုပ်ပုံများ ကို WTO Stats ၊ WTO | Statistics — Global Services Trade Data Hub နှင့် WTO | World Trade Statistics 2024 တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ရင်းမြစ်။        https://www.wto.org