ဆန်ဖြူ မက်ထရစ်တန် ၅၀၀,၀၀၀ ကို အကောက်ခွန် ကင်းလွတ်ခွင့်ဖြင့် ဒီဇင်ဘာလကုန်အထိ တင်သွင်းမည့် ကင်ညာ
ကင်ညာသမ္မတနိုင်ငံသည် Grade I ဆန်ဖြူ တန်ချိန် ၅၀၀,၀၀၀ အား အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တင်သွင်းသွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၂၈ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီး အခြားသတင်းရင်းမြစ်များအရ အိန္ဒိယနှင့်ပါကစ္စတန် ဆန်တို့အား အဓိကထားကြောင်း သိရှိရပါသည်။
အိန္ဒိယဆန်ပို့ကုန်လုပ်ငန်းရှင်များသည် ပါကစ္စတန်နှင့် နှိုင်းယှဉ်လျှင် ပိုမိုမြင့်မားသော အကောက်ခွန် ပေးရသောကြောင့် ယခုအကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် ဆန်တင်သွင်းခွင့်ပြုပါက ဈေးကွက်ကိုတာ၏ ၆၀ % မှ ၇၀% အထိကို ၎င်းတို့ ရနိုင်ကြောင်း ဒူဘိုင်းအခြေစိုက်ကုန်သည်များက ခန့်မှန်းထားပါသည်။
၂၀၂၅ ခုနှစ်၊ ပထမငါးလတွင် အိန္ဒိယမှ ကင်ညာသို့ ဘက်စမာတီမဟုတ်သောဆန် တန်ချိန် ၁၂၀,၃၅၂ တင်ပို့ခဲ့ပြီး ယခင်နှစ် ကာလတူထက် တန်ချိန် ၂၂,၈၆၀ ပိုမိုတင်ပို့ခဲ့ကြောင်း အိန္ဒိယ၊ စိုက်ပျိုးရေးနှင့် ပြုပြင်ပြီး စားသောက်ကုန်တင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့မှ သိရှိရပါသည်။
အိန္ဒိယကဲ့သို့ပင် ပါကစ္စတန်ကလည်း လက်ကျန် ဆန်ဟောင်းများရှိပြီး မကြာမီ ဆန်အသစ်များ ရတော့မည်ဖြစ်ရာ ယခုအခွင့်အလမ်းမှ ဆန်တန်ချိန် ၅၀,၀၀၀ အထက် စာချုပ်နိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ပါကစ္စတန်မှ ကင်ညာသို့ ဆန်တန်ချိန် ၂၅၂,၂၄၄ တင်ပို့နိုင်ခဲ့ပြီး နှစ်အလိုက် တင်ပို့မှု၏ ၁၄၃ % တိုးမြင့်ခဲ့ကြောင်း၊ ယင်းက ပါကစ္စတန်ကို ကင်ညာ၏ အများဆုံးဆန်တင်ပို့သည့် နိုင်ငံဖြစ်စေခဲ့ကြောင်း S&P Global Commodity Insight က ပြောကြားခဲ့ပါသည်။ ကရာချီမှ ကုန်သည်တစ်ဦးက ယခုအခွင့်အလမ်းကို အသုံးချရန် စျေးနှုန်းသတ်မှတ်ချက်သည် အရေးကြီးသောအချက်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါသည်။
ဗီယက်နမ် ဆန်ကုန်သည်တစ်ဦးက ဗီယက်နမ်ကလည်း ကင်ညာသို့ ဆန်တင်သွင်းရန် စိတ်ဝင်စားပြီး ကင်ညာ၏ ဈေးနှုန်းမှန်ကန်ပါက ဗီယက်နမ်အတွက် အခွင့်အလမ်းဖြစ်နိုင်ကြောင်း၊ လက်ရှိတွင် ထိုင်း၊ ပါကစ္စတန်နှင့် မြန်မာနိုင်ငံတို့မှ ဆန်ဖြူစျေးနှုန်းများ ကျဆင်းနေသော်လည်း ကွန်တိန်နာနှင့် ကုန်စည် ပို့ဆောင်စရိတ်မှာလည်း ပြဿနာတစ်ရပ်ဖြစ်နေကြောင်း ပြောကြားခဲ့သည်။ ကမ္ဘာတစ်ဝန်း ဆန်ဖြူ ဝယ်လိုအား ငြိမ်နေချိန်တွင် ကင်ညာ၏ ဆန်တင်သွင်းခွင့်ကိုတာသည် ဆန်ဈေးနှုန်းမြင့်တက်စေပြီး ကမ္ဘာ့ဆန်ကုန်သွယ်မှုကို မြှင့်တင်ရန် မျှော်လင့်ကြောင်း သတင်းတွင် ဖော်ပြထားပါသည်။