အကောက်ခွန် မညီမျှမှုအပေါ် စိုးရိမ်မှုများကြားမှ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ ကုန်သွယ်ရေးသဘောတူညီချက်ရရှိခဲ့
အမေရိကန်နှင့် ဥရောပသမဂ္ဂ (EU) အကြား အကောက်ခွန်အသစ်ဆိုင်ရာ ညှိနှိုင်းမှုများအပြီး အမေရိကန်က EU ကုန်စည်များအပေါ် အကောက်ခွန်အနိမ့်ဆုံး ၁၅ % ကောက်ခံခွင့်အပါအဝင် ကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ကို ရရှိခဲ့ကြောင်း တနင်္ဂနွေနေ့က စကော့တလန်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ နှစ်ဖက်ခေါင်းဆောင်များက ပြောကြားခဲ့ပါသည်။
အဆိုပါသဘောတူညီချက်ကို ကုန်သွယ်မှုမျှခြေပြန်လည်ရရှိရန် ရှေ့ခြေတစ်လှမ်းအဖြစ်နှင့် မျှတသော အပြန်အလှန်ကုန်သွယ်မှုကို အားပေးခြင်းဖြစ်ကြောင်း နှစ်ဖက်ခေါင်းဆောင်များက ပြောကြားခဲ့ကြသော်လည်း အမေရိကန်ကသာ EU ကုန်စည်များအပေါ် အကောက်ခွန် ၁၅ % ကောက်ခံနိုင်ပြီး ၎င်း၏ မဟာဗျူဟာမြောက် ပို့ကုန်များအပေါ် အကောက်ခွန်ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ပါသည်။ ထို့ပြင် EU က အမေရိကန်မှ စွမ်းအင်တန်ဖိုး ဒေါ်လာ ၇၅၀ ဘီလီယံ ဝယ်ယူရန်နှင့် အမေရိကန်တွင် ဒေါ်လာ ၆၀၀ ဘီလီယံခန့် ထပ်တိုး ရင်းနှီးမြှုပ်နှံရန် စသည့် အချက်များကိုပါ သဘောတူညီချက်ရရှိခဲ့ပါသည်။
သဘောတူညီချက်အရ ဥရောပစျေးကွက်သို့ အမေရိကန်မော်တော်ကားများ ပြန်လည်ဝင်ရောက်နိုင်မည်ဖြစ်ပြီး စိုက်ပျိုးရေးပို့ကုန်များလည်း ပိုမိုလွယ်ကူစွာဝင်ရောက်နိုင်မည်ဖြစ်ကြောင်း၊ သဘောတူညီချက်တွင် ဆေးဝါးများ မပါဝင်သေးပဲ အီးယူမှ အမေရိကန်သို့ တင်ပို့သောသံမဏိနှင့် အလူမီနီယမ် ပစ္စည်းများအပေါ်တွင်လည်း လက်ရှိ အကောက်ခွန် ၅၀ % ဆက်လက်ကောက်ခံမည်ဖြစ်ကြောင်း သမ္မတထရမ့်က ပြောကြားခဲ့သည်။
သီးခြားသတင်းစာရှင်းလင်းပွဲတစ်ခုတွင်မူ ဥရောပကော်မရှင် သမ္မတ von der Leyen က အီးယူနှင့် အမေရိကန်တို့၏ ၁၅ % အကောက်ခွန်မူဘောင်၌ ဆေးဝါးများပါဝင်ကြောင်း ပြောကြားခဲ့ပြီး ဥရောပပါလီမန်၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုကော်မတီ၏ ဥက္ကဋ္ဌ Bernd Lange က သဘောတူညီချက်အသစ်သည် ကျေနပ်ဖွယ်ရာမရှိသလို တရားမျှတမှုလည်း မရှိကြောင်း၊ ဥရောပ၏ စီးပွားရေးနှင့် အလုပ်အကိုင် တည်ငြိမ်မှုကို ထိခိုက်နိုင်ကြောင်း ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့ပါသည်။
သဘောတူညီချက်မတိုင်မီက ဥရောပသမဂ္ဂမှ အမေရိကန်သို့ တင်ပို့သည့် ကုန်စည် ၇၀ % ကျော်သည် အကောက်ခွန်ပေးဆောင်ရပြီး သံမဏိနှင့် အလူမီနီယံပစ္စည်းများက အကောက်ခွန် ၅၀ %၊ မော်တော်ကားနှင့် အစိတ်အပိုင်းများက ၂၅ % နှင့် အခြားကုန်စည်များက ၁၀ % ပေးဆောင်ရပါသည်။ ထရမ့်က ဩဂုတ်လ ၁ ရက်နေ့မှ သဘောတူညီချက်မရရှိပါက အကောက်ခွန် ၁၀ % ကို ၃၀ % အထိ တိုးမြှင့်မည်ဖြစ်ကြောင်း ကြိုတင်သတိပေးခဲ့ကြောင်း သိရှိရပါသည်။
ရင်းမြစ်။ www.globaltimes.cn