နိုင်ငံတကာကုန်သွယ်မှု လွယ်ကူရိုးရှင်းစေရန် အမျိုးသားအဆင့်ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ကော်မတီများက မောင်းနှင်အားဖြစ်
ကုလသမဂ္ဂကုန်သွယ်မှုနှင့်ဖွံ့ဖြိုးမှုညီလာခံ (UNCTAD) က ဇူလိုင်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာအသစ်အရ အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီများသည် ကမ္ဘာတစ်ဝန်း ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ပြုပြင်ပြောင်းလဲမှုများကို မောင်းနှင်နေကြောင်း တွေ့ရှိခဲ့ပြီး ၎င်းတို့၏ လုပ်ငန်းများ၌ အားဖြည့်ရန် လိုအပ်သည်များကို တင်ပြခဲ့ပါသည်။
UNCTAD သည် ၂၀၂၄ ခုနှစ်အတွင်း အာဖရိက၊ အာရှ၊ ဥရောပ၊ လက်တင်အမေရိကနှင့် ပစိဖိတ်ဒေသရှိ နိုင်ငံပေါင်း ၆၀ ကျော်မှ အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီများက ကမ္ဘာ့ကုန်သွယ်ရေး ပိုမိုထိရောက်စေရန်၊ တန်းတူညီမျှမှုရှိစေရန်နှင့် ခိုင်မာစေရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်နေသော ပူးပေါင်းဆောင်ရွက်ခြင်း၊ အကောင် အထည်ဖော်ခြင်း၊ စောင့်ကြည့်ခြင်းလုပ်ငန်းစဉ်များကို စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ပါသည်။
အစီရင်ခံစာက အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီများသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး သဘောတူညီချက်အောက်ရှိ တာဝန်ဝတ္တရားများ အပါအဝင် နိုင်ငံများ၏ ကုန်သွယ်ရေး ပြုပြင်ပြောင်းလဲမှုများကို ထောက်ပံ့ပေးနေပြီး တစ်ခါတစ်ရံလည်း အစိုးရနှင့်ပုဂ္ဂလိကအကြား ညှိနှိုင်းနိုင်သော ပလက်ဖောင်းများအဖြစ် ဆောင်ရွက်ကြကြောင်း၊ ဗျူဟာမြောက် စီမံခန့်ခွဲမှုနည်းလမ်းများ ချမှတ်ခြင်း၊ အုပ်ချုပ်မှုမူဘောင်များကို အားဖြည့်ခြင်းနှင့် မတူညီသော အစိုးရနှင့် စီးပွားရေးလုပ်ငန်းများမှ ပုဂ္ဂိုလ်များနှင့် ပူးပေါင်းခြင်းတို့ တိုးမြှင့်ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း ဖော်ပြထားပါသည်။
ယင်းသို့ ကြိုးပမ်းအားထုတ်မှုများကြောင့် ကော်မတီများ၏ ၅၄ % သည် ပို့/သွင်းလုပ်ငန်းများအတွက် တစ်နေရာတည်း ဝန်ဆောင်မှုပေးသည့် စနစ်များ အကောင်အထည်ဖော်ခြင်း၊ အကောက်ခွန်ရှင်းလင်းရာတွင် ကြာမြင့်ချိန်အတွက် လေ့လာမှုများ၊ ကုန်သွယ်ရေးနှင့် ပတ်သက်သည့် သတင်းအချက်အလက် ဝဘ်ပေါ်တယ်များ၊ ညှိနှိုင်းထားသော နယ်စပ်စီမံခန့်ခွဲမှု အချိန်ဇယားများ ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားပါသည်။
အားနည်းပြီး ထိခိုက်လွယ်သောနိုင်ငံငယ်များ၌ အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ကော်မတီများသည် ညှိနှိုင်းရေးပလက်ဖောင်းများအဖြစ်သာမက ရင်းမြစ်အားနည်းသောနေရာများတွင် လုပ်ငန်းအဖွဲ့များအဖြစ်ပါ ဆောင်ရွက်ပေးနေကြောင်း၊ အကယ်၍ ၎င်းတို့ကို ရင်းမြစ်နှင့် နိုင်ငံရေး အထောက်အပံ့များ ပေးလိုက်ပါက ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး သဘောတူညီချက်အား အကောင်အထည်ဖော်ရေးနှင့် ပြုပြင်ပြောင်းလဲမှုများကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဆက်လက်လုပ်ဆောင်ရမည့်အချက်များ
လေ့လာမှုအရ အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီများ၏ ၆၃ % သည် ထပ်တိုးသင်တန်းများ လိုအပ်နေသေးပြီး ၇၁ % သည် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး အသိပညာများ မြှင့်တင်ရန် လိုအပ်ကာ ၇၁ % သည် အကူအညီများကို ပိုမိုလိုအပ်ကြောင်း၊ ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှုများ၊ အကောက်ခွန်များ တိုးမြင့်လာခြင်းနှင့် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ အလျင်အမြန် တိုးချဲ့လာခြင်းတို့ကြောင့် အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီများ၏ တာဝန်များတွင် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး သဘောတူညီချက်ကို ကျော်လွန်ချဲ့ထွင်ရန် အရေးကြီးကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွက် ရာသီဥတု၊ ကျား/မ တန်းတူညီမျှမှုနှင့် ထောက်ပံ့ရေးကွင်းဆက်များထိရောက်မှု စသည့် နယ်ပယ်အသစ်များကို ပေါင်းစပ်ရန် လိုအပ်ပြီး ယခုအချိန်အထိ ကော်မတီများ၏ တစ်ဝက်သာ အကောင်အထည်ဖော်ထားကြောင်း စစ်တမ်းအရ သိရှိရပါသည်။
ကုလသမဂ္ဂ ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ဘယ်လိုကူညီနိုင်မလဲ။
ကုလသမဂ္ဂ ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အနေဖြင့် ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီများအား စွမ်းဆောင်ရည်မြှင့်တင်ပေးရန် နည်းပညာဆိုင်ရာ အကူအညီများ၊ အွန်လိုင်းသင်တန်းများ၊ စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများအပြင် ပြုပြင်ပြောင်းလဲမှု စောင့်ကြည့်ရေးအတွက် ဒီဂျစ်တယ်နည်းလမ်းများကို ပံ့ပိုးပေးနိုင်ပါသည်။
ကမ္ဘာ့စီးပွားရေးသည် စိန်ခေါ်မှုအသစ်များနှင့် ကြုံတွေ့နေချိန်တွင် အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီများက ပြည်သူများ၊ စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံများ၏ လိုအပ်ချက်များနှင့်အညီ အားလုံးပါဝင်ပြီး ရေရှည်တည်တံ့နိုင်သော ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ကာ ကမ္ဘာ့ကုန်သွယ်ရေး၏ အကျိုးကျေးဇူးများကို အပြည့်အဝရယူရန် ကြိုးပမ်းရာတွင် အရေးပါဆဲဖြစ်ကြောင်း အစီရင်ခံစာက ဖော်ပြထားပါသည်။
ရင်းမြစ်- https://unctad.org