ကာဗွန်ထုတ်လွှတ်မှုနည်းသော ဆန်များကို ပထမအကြိမ် ဂျပန်သို့ တင်ပို့ခဲ့သည့် ဗီယက်နမ်
ကာဗွန်ထုတ်လွှတ်မှုနည်းသော အရည်အသွေးမြင့်ဆန်ကို မဲခေါင်မြစ်ဝှမ်းအတွင်း ဟက်တာတစ်သန်း စိုက်ပျိုးရေး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု စီမံကိန်းမှ ထွက်ရှိသော Japonica ဆန်တန်ချိန် ၅၀၀ အား တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈၂၀ ဖြင့် ဂျပန်နိုင်ငံသို့ ဗီယက်နမ်နိုင်ငံမှ ပထမဆုံးအကြိမ် ဇွန်လ ၅ ရက်နေ့က သင်္ဘောတင်ပို့လိုက်သည်။
Trung An အဆင့်မြင့်နည်းပညာ စိုက်ပျိုးရေးကုမ္ပဏီ ဥက္ကဋ္ဌက ၎င်းတို့ကုမ္ပဏီသည် ဂျပန်နိုင်ငံ Murase Corporation နှင့်ပူးပေါင်း၍ ဂျပန်စံနှုန်းနှင့်ကိုက်ညီသည့် အရည်အသွေးမြင့် ဂျပန်ဆန်အမျိုးကွဲများကို မဲခေါင်မြစ်ဝှမ်းတွင် စိုက်ပျိုးခဲ့ကြောင်း၊ စီမံကိန်းကို ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်အထိ သက်တမ်းတိုးခဲ့ပြီး စီမံကိန်း၏ နည်းပညာလုပ်ထုံးလုပ်နည်းများ၌ ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေး စံနှုန်းများကို ထည့်သွင်းခဲ့ကြောင်း၊ ဂျပန်နိုင်ငံ၏ သွင်းကုန်လိုအပ်ချက်နှင့်အညီ သန့်ရှင်းပြီး အရည်အသွေးမြင့်ကာ ပတ်ဝန်းကျင်ထိန်သိမ်းမှုနှင့် ကိုက်ညီသော ဆန်စပါးများရောင်းချနိုင်အောင် စိုက်ပျိုးဧရိယာလည်း တိုးချဲ့ခဲ့ကြောင်း၊ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အတွက် ကာဗွန်ထုတ်လွှတ်မှုနည်းသည့် အသင့်စားဆန် ထုတ်လုပ်သည့် စက်ရုံကိုလည်း တည်ထောင်ထားကြောင်း၊ ထို့ပြင် ကာဗွန်ထုတ်လွှတ်မှုနည်းသော ST25 ဆန်တန်ချိန် ၂၀၀ ခန့်ကို သြစတြေးလျနိုင်ငံသို့ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၂၀၀ နီးပါးဖြင့် တင်ပို့မည်ဖြစ်ပြီး နိုင်ငံတကာဈေးကွက်သို့ ကာဗွန်ထုတ်လွှတ်မှုနည်းသည့် ဆန်ရောင်းချမှုသည် တန်ချိန် ၄၀၀,၀၀၀ ရှိပြီဖြစ်ကြောင်း၊ အဓိကပို့ကုန်ဈေးကွက်မှာ ဂျပန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Tran Thanh Nam က ကာဗွန်ထုတ်လွှတ်မှုနည်းကြောင်း အသိအမှတ်ပြုလက်မှတ်ရ ဆန်ပို့ကုန်ကို ပထမဆုံးအကြိမ် အောင်မြင်စွာတင်ပို့နိုင်ခြင်းသည် မဲခေါင်မြစ်ဝှမ်းရှိ တောင်သူလယ်သမားများ၊ သမဝါယမများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် စိုက်ပျိုးရေးအာဏာပိုင်များအကြား ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်ဖြစ်ကြောင်း၊ ဆန်တင်ပို့မှုသည် ဆန်စပါးလုပ်ငန်းနှင့် ဒေသအတွက် ဂုဏ်ယူစရာဖြစ်ပြီး အထူးသဖြင့် ဆန်အရည်အသွေးနှင့် အမှတ်တံဆိပ်ကို အဆင့်မြှင့်တင်ရေး စိုက်ပျိုးနည်းစနစ်များကို ပုံဖော်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ရင်းမြစ်။ en.vietnamplus.vn