ဟင်းအမယ်စာရင်းမှာ ပဲတစ်မျိုးထည့်ပါ (Beans on the Menu) လှုပ်ရှားမှု စင်ကာပူတွင် ဆောင်ရွက်ခဲ့

 

စင်ကာပူ၊ ကမ္ဘာ့ပဲအသင်း(Global Pulse Confederation-GPC)၊ စင်ကာပူကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အဖွဲ့ (Singapore Tourism Board -STB)နှင့် စင်ကာပူ၏ Beans is How အစီအစဉ်တို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ မေလ မှ ၂၀၂၆ ခုနှစ်၊ ဧပြီလအထိ တစ်နှစ်တာ​ဆောင်ရွက်မည့် “ဟင်းအမယ်စာရင်းမှာ ပဲ တစ်မျိုးထည့်ပါ (Beans on the Menu) လှုပ်ရှားမှု” ကို ဆောင်ရွက်ခဲ့ကြောင်း GPC မှ ထုတ်ပြန်ခဲ့သည်။

အဆိုပါလှုပ်ရှားမှုက ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များ၊ ကျောင်းများ၊ ဆေးရုံများ၏ ဟင်းအမယ်စာရင်းတွင် ပဲအမယ် အနည်း ဆုံးတစ်မျိုးထည့်သွင်းရန်နှင့် စားသောက်ကုန်ထုတ်လုပ်သူများအနေဖြင့် ပဲမျိုးစုံ၊ ပဲနီလေးနှင့် ကုလားပဲတို့၏ အာဟာရပိုင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကျိုးကျေးဇူးများကို အသိပညာပေးမှုမြှင့်တင်နိုင်ကာ နောက်ဆုံးပေါ်အခြေအနေနှင့် အတွေ့အကြုံများကို မျှဝေနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ထိပ်တန်းခရီးသွားလုပ်ငန်းရှင်များ၊ မူဝါဒချမှတ်သူများ၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအကြံပေးအဖွဲ့များ၊ ကျန်းမာရေးနှင့်ပိုမိုညီညွတ်ပြီး ရာသီဥတုကို ပိုမိုခံနိုင်ရည်ရှိသော စားသောက်မှုပုံစံ ရည်မှန်းချက်ကို ဖော်ဆောင်နေသူများ ပါဝင်သည့် စင်ကာပူ၌ ပထမဆုံးကျင်းပခဲ့သော Pulse 25 စားပွဲဝိုင်းဆွေးနွေးပွဲ ရလဒ်အဖြစ်ယခုလှုပ်ရှားမှုကို စတင်ခဲ့ကာ စင်ကာပူနာမည်ကြီးစားသောက်ကုန်တံဆိပ် SUPERSIMPLE နှင့် အွန်လိုင်းပလက်ဖောင်း Abillion တို့က မိတ်ဘက်အဖြစ်ပါဝင်ခဲ့ပါသည်။ ကျန်စားသောက်ကုန်ထုတ်လုပ်သူများလည်း ထပ်မံပါဝင်လာမည်ဟု ခန့်မှန်းထားပါသည်။

ပဲမျိုးစုံသည် စင်ကာပူ၏ အစားအသောက်သွင်းကုန်များတွင် ၉၀ % ကျော် ပါဝင်နေခြင်း၊ အခြား ပရိုတင်းထုတ်အစာများထက် ရေလိုအပ်မှုနည်းခြင်း၊ နိုက်ထရိုဂျင် ပြုပြင်ပြောင်းလဲမှုမှ မြေဆီပြည့်ဝစေခြင်း၊ စားသောက်ကုန်ဖူလုံစေခြင်း၊ ဖိုင်ဘာ၊ ပရိုတိန်းနှင့် သေးငယ်သော အာဟာရ ဖြည့်စွက်ပစ္စည်းများ ပါဝင်ခြင်းတို့ကြောင့် ကျန်းမာရေးကောင်းစေခြင်းတို့ကြောင့် အရေးကြီးသော ကုန်စည်ဖြစ်ပါသည်။

အဆိုပါလှုပ်ရှားမှုတွင် ထပ်မံပါဝင်လိုသော အစိုးရနှင့် စားသောက်ကုန်ဝန်ဆောင်မှုပေးသူများအနေဖြင့် တရားဝင် website မှတဆင့် ပါဝင်ခြင်း၊ ကမ်ပိန်းအဖွဲ့နှင့် ဆက်သွယ်ခြင်းတို့ဆောင်ရွက်နိုင်ကြောင်း ဖော်ပြထားပါသည်။

ရင်းမြစ်။        Global Pulse