တရုတ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မော်တော်ကားကုမ္ပဏီကြီးများ၊ ပလက်ဖောင်းများမှတဆင့် ကားအဟောင်း ရောင်းဝယ်သူများနှင့် တွေ့ဆုံ၍ တစ်ပတ်ရစ်ကား ဈေးကွက်ကို အမြန်ဆုံးရှင်းလင်းရန် တောင်းဆိုခဲ့
တရုတ်၏ မော်တော်ယာဉ် အမြောက်အမြားထုတ်လုပ်နိုင်သည့် စွမ်းရည်ကြောင့် အမြတ်အစွန်း တိုးမြင့်ရရှိနိုင်ရေး ဈေးနှုန်းယှဉ်ပြိုင်မှုများ အရှိန်မြင့်လာချိန်တွင် အစိုးရက ကားအဟောင်းအရောင်းအဝယ်ကဏ္ဍကို စောင့်ကြည့်ရန် ဝင်ရောက်လာခဲ့ပါသည်။ တရုတ်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကမ္ဘာ့အကြီးဆုံး EV တပ်ဆင်ထုတ်လုပ်သူ BYD နှင့် တရုတ်အစိုးရပိုင် Dongfeng Motor အပါအဝင် မော်တော်ကား ကုမ္ပဏီကြီးများ၊ ပလက်ဖောင်းများမှတဆင့် ကားအဟောင်း ရောင်းဝယ်သူများအား စုစည်းကာ “မောင်းထားခြင်းမရှိသော (zero mileage) ကားဟောင်းများ” ရောင်းချမှုကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ရိုက်တာသတင်းအရ သိရသည်။
တရုတ်နိုင်ငံတွင် မော်တော်ကားထုတ်လုပ်သူ ၁၀၀ ခန့်ရှိပြီး ကမ္ဘာ့အကြီးဆုံးမော်တော်ကားနှင့် လျှပ်စစ်ကား (EV) စျေးကွက်ဖြစ်ရာ ယှဉ်ပြိုင်မှု ပြင်းထန်သဖြင့် ကားစျေးနှုန်း တည်ငြိမ်စေရန် ဝန်ကြီးဌာနက ကြိုးပမ်းနေကြောင်း၊ ကားဝယ်ရောင်းသမားများက ထုတ်လုပ်သူများထံမှ zero mileage မော်တော်ကားများကို ဈေးနိမ့်ဖြင့် ဝယ်ယူကာ တစ်ပတ်ရစ်ကားများအဖြစ် ပြန်လည်ရောင်းချကြကြောင်း၊ ကားထုတ်လုပ်သူများကလည်း ကုမ္ပဏီ၏ ကားအသစ် လက်ကျန်စာရင်းနည်းစေရန် ကားပွဲစားများမှတဆင့် ကားအသစ်များကို ဈေးလျော့ရောင်းချရကြောင်း၊ အချို့ကားထုတ်လုပ်သူများ အရင်းပင်မကြေကြ၍ ကားအသစ်ဈေးကွက်အတွက် မကောင်းကြောင်း၊ ကားလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
ကားပွဲစားများကမူ zero mileage ကားဟောင်းများကို ကားအသစ်ဈေးထက် ၃၀ % လျှော့ရောင်းရကြောင်း၊ စီးပွား/ကူးသန်းဝန်ကြီးဌာနက မော်တော်ကားထုတ်လုပ်သူများ၊ အရောင်းကိုယ်စားလှယ်များနှင့် ကားပွဲစားများအကြား ကားအဟောင်း ဝယ်ရောင်းဆောင်ရွက်ရမည့်ပုံစံကို သတ်မှတ်ထားခြင်း မရှိကြောင်းနှင့် zero mileage ကားဟောင်းဈေးကွက် ဆက်လက်ထားရှိခွင့်ပြု/မပြုကိုမသိကြောင်း၊ zero mileage ကားဟောင်းများကို ဈေးလျော့ရောင်းချခြင်းသည် ဥပဒေချိုးဖောက်ခြင်းမဟုတ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်၏ အကြီးဆုံးပြိုင်ကားကုမ္ပဏီ Great Wall Motor ဥက္ကဋ္ဌက တရုတ်၏ Zero Milage ကားဟောင်း အရောင်းအဝယ် ပလက်ဖောင်းများတွင် ကားဟောင်း အနည်းဆုံး ၃,၀၀၀ မှ ၄,၀၀၀ ထိ ဝယ်/ ရောင်းနေကြသောကြောင့် ကားအသစ်များအတွက် စျေးနှုန်းစစ်ပွဲ၏ နောက်ဆုံးစစ်မျက်နှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
မတ်လတွင် ပျမ်းမျှ ၁၆.၃ % ဈေးလျှော့ခဲ့သော တရုတ်၊ ဓာတ်ဆီကားများနှင့် EV ကားများကို ဧပြီလတွင် ၁၆.၈ % စျေးလျှော့ခဲ့ကြောင်း၊တရုတ်ခရီးသည်တင်ကားအသင်းအဆိုအရ ၂၀၂၄ ခုနှစ်တွင် တရုတ်မော်တော်ကား ပျမ်းမျှလျှော့စျေးသည် ၈.၃ % ဖြစ်ကြောင်း၊ တရုတ် EV ကားကုမ္ပဏီ BYD က ဇွန်လကုန်အထိ ၎င်း၏ ဘက်ထရီပါဝါနှင့် plug-in hybrid ကားမော်ဒယ် ၂၂ ခုကို ၁၀ % မှ ၃၀ % ဈေးလျော့မည်ဖြစ်ကြောင်း၊ တရုတ်ပြည်၏ ဒုတိယအကြီးဆုံးကားထုတ်လုပ်သူ Geely Auto ၏ EV လုပ်ငန်းခွဲဖြစ် သော Galaxy က ဖောက်သည်အသစ်များအတွက် ၁၀ % ကျော်ဈေးလျော့မည်ဖြစ်ကြောင်း၊ အခြားပြည်တွင်းပြိုင်ဘက်များလည်း စျေးကွက်ဝေစုကို ထိန်းနိုင်ရန် ကြိုးပမ်းနေကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားပါသည်။
ရှန်ဟိုင်းအခြေစိုက် စာရင်းအင်းအဖွဲ့ CnEVPost ကို တည်ထောင်သူ Phate Zhang က တရုတ်ကား ထုတ်လုပ်သူအများစု၏ အမြတ်အစွန်းသည် ၂၀၂၀ ပြည့်နှစ်က ၂၀ % ဝန်းကျင်မှ ၂၀၂၄ ခုနှစ်တွင် ၁၀ % ထိ ကျဆင်းသွားခဲ့ကြောင်း၊ အမေရိကန်ကုမ္ပဏီ Goldman Sachs က တရုတ်၊ EV ထုတ်လုပ်သူ ၅၀ တွင် BYD၊ Li Auto နှင့် Seres ကုမ္ပဏီ ၃ ခုသာ အမြတ်အစွန်းရရှိကြောင်း၊ ၂၀၂၄ ခုနှစ်တွင် တရုတ် EV ထုတ် လုပ်မှုစွမ်းရည်၏ ထက်ဝက် သို့မဟုတ် စီးရေ သန်း ၂၀ ကိုသာ အသုံးပြုခဲ့ကြောင်း ပြောကြားခဲ့သည်။
ရင်းမြစ်။ South China Morning Post