G7 အဖွဲ့ဝင်နိုင်ငံများက တရုတ်၏ ကမ္ဘာ့ကုန်သွယ်မှုနည်းလမ်းများကို တုံ့ပြန်ရန်သဘောတူ
G7 ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးမတိုင်မီ ထိပ်တန်းအရာရှိများ အစည်းအဝေးတွင်အမေရိကန်၏ အခွန်စည်းကြပ်မှုကြောင့် သိသာသော ကွာဟမှုများကို မထောက်ပြပဲ “ကမ္ဘာ့စီးပွားရေး မညီမျှမှုများကိုတန်ပြန်ရန်” ခေါင်းစဉ်ဖြင့် တရုတ်၏ ကုန်သွယ်မှုနည်းလမ်းများကို ပယ်ဖျက်ရန် သဘောတူညီခဲ့ကြပါသည်။
သုံးရက်ကြာကျင်းပခဲ့သည့် G7 ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ၏ ဆွေးနွေးပွဲအပြီးတွင် ယခင်ပြောကြားနေကျ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ခြင်း၊ လွတ်လပ်သော ကုန်သွယ်မှုကို ကာကွယ်ခြင်းကိစ္စများ မပါဝင်တော့ပဲ ယူကရိန်းစစ်ပွဲအကြောင်းကို ပါးပါးလေးသာ ဖော်ပြထားသော ရှည်လျားသော ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ကြပါသည်။
G7 ၏ထုတ်ပြန်ချက်တွင် ကမ္ဘာ့ကုန်သွယ်ရေးမညီမျှမှုများ ဖြစ်ပေါ်စေသော၊ ဈေးကွက်စီးပွားရေးမဟုတ်သော မူဝါဒများကို စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဖော်ပြထားရာ တရုတ်အမည် မပါဝင်သော်လည်း ထရမ့်၏တရုတ်အပေါ် စွပ်စွဲချက်ဖြစ်သည့် နိုင်ငံတကာကုန်သွယ်မှုတွင် တရုတ်ကို အားသာစေသော ပို့ကုန်အထောက်အပံ့များ၊ ငွေကြေးမူဝါဒများကို ရည်ညွှန်းခြင်းဖြစ်ကြောင်း The Guardian သတင်းထောက်က ရေးသားထားပါသည်။
အမေရိကန်၊ ဘဏ္ဍာရေးဝန်ကြီး Scott Bessent က အစည်းအဝေးတွင် ကြီးမားသော သဘောထားကွာဟချက်များ မရှိကြောင်း၊ ဂျာမနီဘဏ္ဍာရေးဝန်ကြီး Lars Klingbeil က အကောက်ခွန်သည် ကမ္ဘာ့စီးပွားရေးကို ဝန်ပိစေသောကြောင့် လက်ရှိကုန်သွယ်ရေးအငြင်းပွားမှုများကို ဆောလျင်စွာ ဖြေရှင်းရမည်ဖြစ်ကြောင်း၊ ပြင်သစ်ဘဏ္ဍာရေးဝန်ကြီး Eric Lombard က နွေးထွေးစွာ ညှိနှိုင်းခဲ့ကြပြီး ကိစ္စအားလုံးကို သဘောမတူနိုင်သော်လည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း၊ ကနေဒါဘဏ္ဍာရေးဝန်ကြီး Francois Philippe Champagne က G7 အစည်းအဝေးထုတ်ပြန်ချက်တွင် “အကောက်ခွန်” ဟူသော စကားလုံးမပါရှိသော်လည်း ဘဏ္ဍာရေးဝန်ကြီးများသည် အကောက်ခွန်ပြဿနာများနှင့် အကျိုးသက်ရောက်မှုများကို ဆွေးနွေးခဲ့ကြပြီး တူညီသောရပ်တည်ချက်ရရှိခဲ့ကြောင်း၊ စတီးနှင့် အလူမီနီယံ အပါအဝင် ကနေဒါကုန်စည်များအပေါ် အမေရိကန်၏ အကောက်ခွန် ၂၅ % ကောက်ခံမှုကို ဖျက်သိမ်းရန် ကြိုးပမ်းခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ကနေဒါရှိ တရုတ်သံရုံးကမူ G7 ထုတ်ပြန်ချက်အပေါ် တစ်စုံတစ်ရာ မှတ်ချက်ပြုခြင်းမရှိခဲ့ပါ။
G7 ဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေးက ဇွန်လ ၁၅ ရက်မှ ၁၇ ရက်အထိ ကနေဒါနိုင်ငံ၊ Kananaskis တောင်တန်းများတွင်ကျင်းပမည့် G7 ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးအတွက် လိုအပ်ချက်များ ကို သတ်မှတ်နိုင်ခဲ့ကြောင်း The Guardian သတင်းစာတွင်ဖော်ပြထားပါသည်။
ရင်းမြစ်။ The Guardian