ဗီယက်နမ်နိုင်ငံမှ ဆန်ဖြူတန်ချိန်တစ်သိန်း တင်သွင်းမည့် ဘင်္ဂလားဒေ့ရှ်

 

နှစ်ဖက်အစိုးရများအကြား(G2G) လက်မှတ်ရေးထိုးခဲ့သည့် ဆန်ပို့ကုန်စာချုပ်အရ ဘင်္ဂလားဒေ့ရှ်သည် ဗီယက်နမ်မှ ဆန်ဖြူတန်ချိန် ၁ သိန်းကို တင်သွင်းမည်ဖြစ်ပြီး ဗီယက်နမ်တောင်ပိုင်း စားနပ်ရိက္ခ္ခာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (VinafoodII) မှ ဝယ်ယူသွားမည်ဖြစ်ကြောင်း ဗီယက်နမ် စားနပ်ရိက္ခ္ခာအသင်းမှ သိရပါသည်။

ဗီယက်နမ်ဆန်ဖြူ၏ နာမည်ကြီးမှုနှင့် အရည်အသွေးတည်ငြိမ်မှုတို့ကြောင့် နိုင်ငံတကာဆန်ဖြူဈေးထက် ပိုများကာ တစ်တန်လျှင် ရောင်းဈေး ကန်ဒေါ်လာ ၄၇၄.၂၅ သတ်မှတ်ထားကြောင်း၊ ဘင်္ဂလားဒေ့ရှ်၊ စားနပ်ရိက္ခ္ခာဝန်ကြီးဌာန၏ ဝယ်ယူရေးအဆိုပြုချက်ကို အစိုးရဝယ်ယူရေးအာဏာပိုင်အဖွဲ့က ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အတည်ပြုခဲ့ပြီး မကြာမီကာလအတွင်း သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်တော့မည်ဖြစ်ကြောင်း၊ ဗီယက်နမ်မှ ဆန်ဖြူအမြောက်အမြား တင်သွင်းမှုသည် ဘင်္ဂလားဒေ့ရှ်၏ ဆန်ဈေးနှုန်းတည်ငြိမ်စေရေးမဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အထူးသဖြင့် ဖေဖော်ဝါရီလတွင် စတင်သည့် ဈေးကွက်၌ လွတ်လပ်စွာရောင်းချခြင်း (Open Market Sales - OMS) အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအစီအစဉ်အရ အစိုးရသည် ဒါကာ၊ အဓိကမြို့ကြီးများနှင့် အလုပ်သမားအများစု နေထိုင်သည့် ဒေသများအပါအဝင် နိုင်ငံတစ်ဝန်းရှိ စင်တာ ၉၀၆ ခုမှတစ်ဆင့် နေ့စဉ် ဆန်တန်ချိန် ၉၀၇ တန်ခန့် ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး ဆန်တစ်ကီလိုလျှင် ၃၀ တာကာ (တစ်တန်လျှင် ကန်ဒေါ်လာ၂၄၃ ခန့်) ဖြင့် ရောင်းချပေးသွားမည်ဖြစ်ရာ ဝင်ငွေနည်းပြည်သူများ တတ်နိုင်သည့် ဈေးနှုန်းဖြစ်သဖြင့်  အခြေခံစားသောက်ကုန်များကို ရရှိနိုင်မည်ဖြစ်ပါသည်။

ဘင်္ဂလားဒေ့ရှ်သည် အရှေ့တောင်အာရှတွင် ဆန်အများဆုံးထုတ်လုပ်နိုင်သည့်နိုင်ငံများ၌ ပါဝင်သော်လည်း ရောင်းလိုအားနှင့် ဝယ်လိုအား မျှတစေရန် တခါတရံ ဆန်တင်သွင်းရန် လိုအပ်နေဆဲဖြစ်ပြီး ၂၀၂၃ ခုနှစ်က အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့မှ ဆန်တန်ချိန် ၂ သန်းနီးပါးခန့် တင်သွင်းခဲ့ကြောင်း သိရသည်။

ဗီယက်နမ်၏ ဆန်တန်ချိန် ၁ သိန်းတင်ပို့နိုင်မှုသည် ကမ္ဘာ့ဈေးကွက်၌ ၎င်း၏နေရာကို သေချာစေခဲ့ပြီး လယ်သမားများအနေဖြင့် ပို့ကုန်စံနှုန်းများနှင့်ကိုက်ညီသော အရည်အသွေးမြင့်ဆန်များ စိုက်ပျိုးရန် တွန်းအားရစေကာ ဗီယက်နမ်ဆန်၏ စီးပွားရေးတန်ဖိုးကိုလည်း မြှင့်တင်ပေးနိင်ကြောင်း၊ ယခုနှစ်များအတွင်း ဗီယက်နမ်သည် ထုတ်ကုန်အရည်အသွေးမြှင့်တင်ရေး၊ ပို့ကုန်ဈေးကွက်များ ချဲ့ထွင်ရေးနှင့် ထောက်ပံ့ရေးလမ်းကြောင်းများ ကောင်းမွန်ရေးတို့တွင်  သိသိသာသာ တိုးတက်ခဲ့ကြောင်း၊ ဗီယက်နမ်၏ အထွက်ကောင်းပြီး အကြမ်းခံ၊ အရည်အသွေးမြင့် စပါးမျိုးသစ်များသည် ထိုင်းနှင့် အိန္ဒိယအပါအဝင် ဆန်အဓိကတင်ပို့သည့်နိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်ခဲ့ကြောင်း သိရသည်။

ဗီယက်နမ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပြင် တရုတ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် အာဖရိကနိုင်ငံများ အပါအဝင် အခြားဈေးကွက်များစွာကို ဆန်အဓိကတင်သွင်းနေပြီး ၂၀၂၄ ခုနှစ် တစ်နှစ်တည်းတွင် ဆန်တင်ပို့မှု တန်ချိန် ၈ သန်းကျော်၊ တန်ဖိုး ကန်ဒေါ်လာ ၅ ဘီလီယံထိရရှိခဲ့ကာ ဆယ်စုနှစ်တစ်ခု အတွင်း အမြင့်ဆုံးဖြစ်ခဲ့ကြောင်း သိရသည်။ 

ရင်းမြစ်။        https://en.vietnamplus.vn/