ဆန်ကို အကောက်ခွန်မဲ့တင်သွင်းခွင့်ပြုခြင်းဖြင့် စားနပ်ရိက္ခာဖြည့်တင်းမှုကို မြှင့်တင်လိုက်သည့် နိုင်ဂျီးရီးယား
နိုင်ဂျီးရီးယားတွင် စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်နေသဖြင့် အစိုးရက ဂျုံ၊ ပြောင်း၊ ဆန်နှင့် အခြားစားနပ်ရိက္ခာသီးနှံများအပေါ် အကောက်ခွန်ကင်းလွတ်သည်ဟု လွန်ခဲ့သည့် ၆ လခန့်က ကြေညာပြီးနောက်ပိုင်း ဆန်လုံးညို တန်ချိန် ၃၂,၀၀၀ ကိုထိုင်းနိုင်ငံမှ တင်သွင်းခဲ့ကြောင်း၊ အကောက်ခွန်ကင်းလွတ်ခွင့် ရထားသော်လည်းပြည်တွင်းထုတ်လုပ်သူများအား ထိခိုက်မည်ကိုစိုးရိမ်သောကြောင့် ဝယ်ယူမှုအများစုမှာ အကန့်အသတ်ရှိနေဆဲဖြစ်ကြောင်း ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီ DUCAT ၏ ပြောကြားချက်အရ သိရပါသည်။
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီးက အစိုးရသည် ဂျုံ၊ ပြောင်းနှင့် အခြား စားသုံးသီးနှံများကို ရက်ပေါင်း၁၈၀ ကြာ အခွန်ကင်းလွတ်ဖြင့် တင်သွင်းခွင့်အပြင် အခြားနည်းလမ်းများကိုလည်း ကျင့်သုံးသွားမည်ဖြစ်ကြောင်း၊ ပြည်ပမှ တင်သွင်းသည့်အစားအစာများကို အစိုးရသတ်မှတ်သည့် လက်လီဈေးဖြင့် ရောင်းချရမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားပါသည်။ အစီအမံအသစ်များနှင့် လိုက်လျောညီထွေရှိစေရန် လမ်းညွှန်ချက်များကို အပြီးသတ်နေပြီး မကြာမီထုတ်ပြန်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
နိုင်ဂျီးရီးယားသည် ၂၀၂၃ ခုနှစ်၊ မေလတွင် သမ္မတ Bola Tinubu အာဏာရချိန်မှစ၍ ဆောင်ရွက်ခဲ့သော စီးပွားရေးပြုပြင်ပြောင်းလဲမှုများဖြစ်သည့် နိုင်ဂျီးရီးယားငွေကြေး နိုင်ရာကိုတန်ဖိုးလျော့ချမှုနှင့် လျှပ်စစ်မီတာခများ တိုးမြှင့်ခြင်းစသည့် နည်းလမ်းများကြောင့် စားသောက်ကုန်စျေးနှုန်းများသည် ၂၈ နှစ် အတွင်း ၄၁ % ဖြင့် အမြင့်ဆုံး တက်ခဲ့ကြောင်း၊ ဈေးနှုန်းကြီးမြင့်မှုနှင့် ငွေကြေးတန်ဖိုး ကျဆင်းမှုတို့ကြောင့် အတိုးနှုန်းကို စံချိန်တင်မြှင့်တင်ရန် ဗဟိုဘဏ်ကအားပေးခဲ့သလို ငွေကြေးဖောင်းပွမှုလျှော့ချရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးညွှန်ကြားချက်အရစျေးနှုန်းကြီးမြင့်မှုကိုတားဆီးရန် အစီ အမံများချမှတ်ရန် ပြီးခဲ့သည့်လက အစိုးရမှအချက်ပြခဲ့ပါသည်။
ရင်းမြစ်။ The Business Day, Nigeria