ကုန်သွယ်မှုလမ်းကြောင်း အထက်သို့ ရောက်ရှိခဲ့သော ကုန်စည်ကုန်သွယ်ရေးညွှန်းကိန်းက ကမ္ဘာ့ကုန်သွယ်မှုပမာဏ တိုးမြှင့်ခဲ့ကြောင်းပြသခဲ့

ငွေကြေးဖောင်းပွမှုနှင့် အတိုးနှုန်းမြင့်မားမှုတို့ကြောင့် ၂၀၂၃ ခုနှစ်က ရပ်တန့်နေသော ကမ္ဘာ့ကုန်စည် ကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်၊ တတိယသုံးလပတ်တွင် ပြန်လည်ကောင်းမွန်နေပြီဖြစ်ကြောင်း ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်စည် ကုန်သွယ်ရေးညွှန်းကိန်း (WTO Goods Trade Barometer) က ဖော်ပြခဲ့ပါသည်။ သို့သော် ပထဝီ နိုင်ငံရေးတင်းမာမှုများ၊ ဒေသတွင်းပြသနာများ၊ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ငွေကြေးမူဝါဒပြောင်းလဲမှုများနှင့် ပို့ကုန်အမှာစာ နည်းပါးနေမှုများက အနာဂတ်ကိုခန့်မှန်းရန် ဆက်လက်ခက်ခဲလျက်ရှိပါသည်။

(ကုန်စည်ကုန်သွယ်ရေးညွှန်းကိန်း- Goods Trade Barometer ဆိုသည်မှာ ကမ္ဘာ့ကုန်သွယ်မှုနှင့် စပ်လျဉ်း၍ ကုန်စည်ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက် တိုးတက်ဖြစ်ပေါ်မှုများကို အချိန်နှင့်တပြေးညီ ပေါင်းစုဖော်ပြထားသော ဦးဆောင်ညွှန်းကိန်းတစ်မျိုးဖြစ်ပါသည်။ ၁၀၀အထက်ညွှန်းကိန်း တန်ဖိုးက ကမ္ဘာ့ကုန်သွယ်မှုပမာဏသည်အတက်ဘက်သို့ ရောက်နေကြောင်းဖော်ပြပြီး ၁၀၀အောက် ညွှန်းကိန်းတန်ဖိုးက ကမ္ဘာ့ကုန်သွယ်မှုကျဆင်းခြင်း (သို့မဟုတ်) မကြာမီကျဆင်းမည်ဟု ဖော်ပြခြင်း ဖြစ်ပါသည်။)

လက်ရှိကုန်စည်ကုန်သွယ်မှုညွှန်းကိန်း ၁၀၃.၀ သည် ပြီးခဲ့သည့် ၃ လတစ်ကြိမ် ကုန်သွယ်မှုပမာဏ ညွှန်းကိန်းများထက် ပိုမိုမြင့်မားနေပြီး အခြေခံတန်ဖိုး ၁၀၀ ထက်လည်း မြင့်မားခဲ့ရာ ၂၀၂၄ခုနှစ်၊ ဒုတိယ ၃ လပတ်နှင့် တတိယ ၃ လပတ်များတွင် ကမ္ဘာ့ကုန်စည်ကုန်သွယ်မှုသည် တည်ငြိမ်စွာ တိုးတက်ခဲ့ကြောင်း ပြသခဲ့ပါသည်။

၂၀၂၂ ခုနှစ်၊ စတုတ္ထ ၃ လပတ်တွင် ရပ်တန့်နေသော ကမ္ဘာ့ကုန်စည်ကုန်သွယ်မှုသည် ၂၀၂၃ ခုနှစ်၊ စတုတ္ထ ၃ လပတ်မှစ၍ ၂၀၂၄ ခုနှစ် ၊ ပထမ ၃ လပတ်အထိ အရှိန်ပြန်ရလာကာ ရရှိသော ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၁.၀% နှင့် နှစ်အလိုက်နှိုင်းယှဉ်ပါက ၁.၄% တိုးတက်ခဲ့ကြောင်း အချက်အလက်များအရ သိရှိရပါသည်။

၃ လပတ် ကာလများကို နှိုင်းယှဉ်ပါက ပျမ်းမျှအားဖြင့် ၂၀၂၄ခုနှစ်၊ စတုတ္ထ ၃ လပတ်သည်  တတိယ ၃ လပတ် ထက် ၀.၇% တိုးတက်ခဲ့ပြီး နှစ်အလိုက်တွက်ချက်ပါက ၂.၇% တိုးတက်ခဲ့ပါသည်။ အဆိုပါ တိုးတက်မှုနှုန်းသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ပြီးခဲ့သည့် ဧပြီလ ခန့်မှန်းချက် တိုးတက်မှုနှုန်း ၂.၆% နှင့် လွန်စွာနီးကပ်ခဲ့ပါသည်။ ကုန်သွယ်မှုတန်ဖိုးအရကြည့်ပါက ဥရောပ၏ ကုန်သွယ်မှု တိုးတက်မှုသည် မျှော်လင့်သလိုမဖြစ်လာ​ပဲ အခြားဒေသများ၏ ကုန်သွယ်မှုတန်ဖိုးများက မြှင့်တက်လာကြောင်း အချက်အလက်များအရ သိရှိရပါသည်။ ထို့ကြောင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ လာမည့် အောက်တိုဘာလတွင် ထုတ်ပြန်ပေးမည့် ကုန်သွယ်မှုအချက်အလက်များတွင် ဒေသတွင်း ခန့်မှန်းချက်များကို ပြန်လည်ချိန်ညှိရန် လိုအပ်မည်ဖြစ်ပါသည်။

ကုန်စည်ကုန်သွယ်မှုညွှန်းကိန်းတွင် ပါဝင်သော အစိတ်အပိုင်းများ၏ ညွှန်းကိန်းများအားလုံးသည် ကုန်သွယ်မှုလမ်းကြောင်း အထက်တွင်ရှိနေပြီး ခြွင်းချက်အားဖြင့် လျှပ်စစ်ပစ္စည်းများ ကုန်သွယ်မှု ညွှန်းကိန်းသည် ၉၅.၆ ဖြင့် ကုန်သွယ်မှုလမ်းကြောင်းအောက် ရောက်ရှိနေကာ ဆက်လက်ကျဆင်းရန် အလားအလာရှိနေပါသည်။ မော်တော်ကားအစိတ်အပိုင်း ထုတ်လုပ်မှုညွှန်းကိန်းသည် “ ၁၀၃.၃ ” ၊ ကွန်တိန်နာများဖြင့် သယ်ယူပို့ဆောင်ခြင်းညွှန်းကိန်းသည် “ ၁၀၄.၃ ” ၊ လေကြောင်းကုန်စည်ပို့ဆောင်မှု ညွှန်းကိန်းသည် “ ၁၀၇.၁ ” ဖြင့် ကုန်သွယ်မှုလမ်းကြောင်း အထက်တွင် ရှိနေပါသည်။

ကုန်စည်ကုန်သွယ်မှုညွှန်းကိန်၏ အဓိက အစိတ်အပိုင်းဖြစ်သော ပို့ကုန်အမှာစာ ညွှန်းကိန်းသည် ၁၀၁.၂ ဖြင့် စံနှုန်းအတွင်း ကပ်လျှက်ရောက်ရှိနေသော်လည်း မကြာမီ ဆက်လက် ကျဆင်းသွားနိုင် ကြောင်း၊ ကုန်ကြမ်းညွှန်းကိန်း ၉၉.၃ သည် ကုန်သွယ်မှုလမ်းကြောင်းပေါ်တွင် ရှိသော်လည်း ပြီးခဲ့သည့် ၃ လအတွင်း တရှိန်ထိုးကျဆင်းခဲ့ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က သုံးသပ်ထားပါသည်။

Source :www.wto.org