ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်တွင် လိုက်ပါဆောင်ရွက်မှု (၇)

Wed, 09/04/2019 - 06:29 -- ictuser

မြန်မာနိုင်ငံ၏ဒုတိယအကြိမ်ကုန်သွယ်မှုမူဝါဆန်းစစ်ခြင်းအတွက်အချိန်ဇယားသတ်မှတ်၍ ပြင်ဆင်ဆောင်ရွက်ခြင်း

 

မြန်မာနိုင်ငံ၏ဒုတိယအကြိမ်ကုန်သွယ်မှုမူဝါဒလေ့လာဆန်းစစ်ခြင်းကို၂၀၂၀ခုနှစ် အောက်တိုဘာလ အပြီးတွင် ပြုလုပ်သွားရန် လျာထားစီစဉ်ဆောင်ရွက်လျက်ရှိပြီး အဆိုပါဆန်းစစ်ခြင်းလုပ်ငန်းစဉ်အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ခံဝန်ကြီးဌာန အဖြစ်တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အဆိုပါ လုပ်ငန်းစဉ် တစ်လျောက်လုံး အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၉ ခုနှစ်၊ နှစ်ဦးပိုင်းမှစတင်ကာ အချိန်ဇယား (Timeframe) ရေးဆွဲသတ်မှတ်ကာ ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိပါသည်။
လက်ရှိအချိန်တွင် ကုန်သွယ်မှုမူဝါဒလေ့လာဆန်းစစ်ခြင်းလုပ်ငန်းစဉ် အတွက် လိုအပ်သည့် အချက်အလက်များ စုဆောင်းနိုင်ရန်နှင့် ကူညီပံ့ပိုးမှုများ ရရှိနိုင်ရန် ကုန်သွယ် မှုနှင့် ဆက်စပ်လျက်ရှိသည့် ဝန်ကြီးဌာနများသို့ Contact Person များ တောင်းခံခြင်း၊ အစီရင်ခံစာများ ရေးသားပြုစုရာတွင် ဌာနကိုယ်စားပြု ရပ်တည်ဆွေးနွေးနိုင်မည့် Focal Person များ တောင်းခံခြင်း၊ ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား အထက်အဖွဲ့ အစည်းနှင့် ဌာနများသို့ တင်ပြခွင့်ပြုချက်ရယူကာ ပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် ညှိနှိုင်းရေးဆွဲထားသည့် လျထားအချိန်ဇယားအရ ဆက်လက်ဆောင်ရွက်ရန် ထည့်သွင်းလျာထားသည့် လုပ်ငန်းစဉ်များမှာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အတွင်းရေးမှူးရုံးမှ ကနဦး မေးခွန်းများ ပေးပို့လာမှုအပေါ် ကုန်သွယ်မှုနှင့် ဆက်စပ်သည့် ဌာနများ သို့ ပေးပို့၍ အချက်အလက်များ ကောက်ခံသွားမည် ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် ဌာနအသီးသီးမှ ပေးပို့ လာသည့် အချက်အလက်များအား စုစည်းသွားမည်ဖြစ်ပြီး လိုအပ်ပါက သက်ဆိုင်ရာဌာန များနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ပါသည်။
၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရှိ အတွင်းရေးမှူးရုံးမှ ကျွမ်းကျင်ပညာရှင်များက မြန်မာနိုင်ငံသို့ ပထမအကြိမ် လာရောက်၍ ကုန်သွယ်မှုမူဝါဒ လေ့လာဆန်းစစ်ခြင်းဆိုင်ရာ Awareness Workshop အား ကျင်းပသွားမည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံမှ ပေးပို့ထားသည့် မေးခွန်းများ/ အချက်အလက်များအား ညှိနှိုင်းသွားမည်ဖြစ် ရာ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ လိုအပ်သည်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက် သွားရမည် ဖြစ်ပါသည်။
၂၀၂၀ခုနှစ်၊ဧပြီလတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ အတွင်းရေးမှူးအစီရင်ခံစာ(မူကြမ်း) ပေးပို့လာမည်ဖြစ်ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်အဆိုပါ အစီရင်ခံစာ(မူကြမ်း)အား သက်ဆိုင်ရာဌာနအသီးသီးသို့ ပေးပို့၍ သဘောထား မှတ်ချက်တောင်း ခံခြင်း၊ ဌာနများမှ ပေးပို့လာသည့် သဘောထားမှတ်ချက်များအား စိစစ်ခြင်း၊ လိုအပ်ပါက သက်ဆိုင်ရာဌာနများအား ဖိတ်ကြား၍ ညှိနှိုင်းဆွေးနွေးခြင်း၊ စနစ်တကျနှင့် ပြီးပြည့်စုံမှုရှိစေရေး ကျွမ်းကျင်ပညာရှင်၏ အကူအညီဖြင့် ပြုစုရေးသား ခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ဆက်လက်၍ ၂၀၂၀ ခုနှစ်၊ မေလတွင် အတွင်းရေးမှူးအစီရင်ခံစာ (မူကြမ်း)အား ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့သို့ ပေးပို့သွားမည်ဖြစ်ပြီး တစ်ပြိုင်တည်းမှာပင် အစိုးရအစီရင်ခံစာ ပြုစုနိုင်ရေးအတွက်အခန်းအလိုက် ထည့်သွင်းသွားမည့် ခေါင်းစဉ်များ၊ ဦးစားပေးထည့်သွင်းသွားမည့် ကဏ္ဍဍများ စသည့်တို့ကို သက်ဆိုင်ရာဌာနများနှင့်အကြိမ်ကြိမ်ညှိနှိုင်း၍ ပြုစု ရေးသားသွားမည် ဖြစ်ပါသည်။
၂၀၂၀ ခုနှစ်၊ ဇွန်လတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရှိ အတွင်းရေးမှူးရုံးမှ ကျွမ်းကျင် ပညာရှင်များက မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်၍ အတွင်းရေးမှူးအစီရင်ခံစာ အား အပြီးသတ် အတည်ပြုနိုင်ရေးအတွက် လိုအပ်သည်များ ဆွေးနွေးသွားမည်ဖြစ်ရာ Focal Ministry ဖြစ်သည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကျွမ်းကျင်ပညာရှင်များကို သက်ဆိုင်ရာ ဌာနအသီးသီးနှင့် ချိတ်ဆက်၍ တွေ့ဆုံဆွေးနွေး နိုင်ရန်စီစဉ်ခြင်း၊ လိုအပ်သည့် အချက်အလက်များအား ပံ့ပိုးပေးနိုင်ရေး ဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခြင်း၊ ကျွမ်းကျင်ပညာရှင်၏ အကူအညီဖြင့် အစီရင်ခံစာ (မူကြမ်း) တွင် လိုအပ်သည်များ ပြင်ဆင်ဖြည့်စွက်ခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လတွင် အတွင်းရေးမှူးအစီရင်ခံစာအား အပြီးသတ် အတည်ပြု ပေးပို့သွားမည် ဖြစ်ပါသည်။
ထို့နောက် သက်ဆိုင်ရာဌာနအသီးသီးမှ ပံ့ပိုးသည့် အချက်အလက်များအား ကျွမ်းကျင်ပညာရှင်၏ အကူအညီဖြင့် အပြီးသတ်ရေးသားပြုစုထားသည့် အစိုးရအစီရင်ခံစာအား အထက်အဆင့်ဆင့်သို့ အတည်ပြုချက် ရယူပြီးသည့်နောက် ၂၀၂၀ ခုနှစ်၊ သြဂုတ်လတွင် ကမ္ဘာ့ကုန် သွယ်ရေး အဖွဲ့၏ အတွင်းရေးမှူးရုံးသို့ ပေးပို့သွားမည် ဖြစ်ပါသည်။
၂၀၂၀ခုနှစ်၊စက်တင်ဘာလတွင်ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများသို့အစီရင်ခံစာ(၂)စောင်အားဖြန့်ဝေသွားမည်ဖြစ်ပြီးကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အတွင်းရေးမှူးရုံးမှ တစ်ဆင့်အဖွဲ့ဝင်နိုင်ငံများမှ မေးမြန်းလာသည့်မေးခွန်းများကိုလက်ခံရယူသွားမည်ဖြစ်ပါသည်။အဆိုပါ မေးခွန်း များအားသက်ဆိုင်ရာဌာနအသီးသီးသို့ ပေးပို့ခြင်း၊ ကဏ္ဍဍ အလိုက် ဌာနအသီးသီးနှင့် ဆွေးနွေးညှိနှိုင်းခြင်း၊ ကျွမ်းကျင်ပညာရှင်၏ အကူအညီဖြင့် စနစ်တကျ ပြုစုပြီးနောက် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အတွင်းရေးမှူးရုံးမှတစ်ဆင့် အဖွဲ့ဝင် နိုင်ငံများသို့ မေးခွန်းများ၏ အဖြေများကို ပေးပို့သွား မည် ဖြစ်ပါသည်။
အဓိကအစီအစဉ်အနေဖြင့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက် နှင့် (၁၄)ရက်နေ့များတွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရုံး၌ မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒလေ့လာဆန်းစစ်ခြင်း အစည်းအဝေး ကျင်းပသွားမည် ဖြစ်ပြီး ယင်းအစည်း အဝေးသို့ သက်ဆိုင်ရာဌာနအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်နိုင်ရေး လိုအပ်သည်များကို ပြင်ဆင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
လက်ရှိအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒလေ့လာဆန်းစစ်ခြင်း လုပ်ငန်းစဉ် အောင်မြင်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် ဝန်ကြီးဌာနတွင်းဦးဆောင် လုပ်ငန်းအဖွဲ့ (Core Team) ဖွဲ့စည်းခြင်း၊ ဦးဆောင်လုပ်ငန်းအဖွဲ့ဝင်များဖြင့် လိုအပ်သည်များ ပြင်ဆင် ဆောင်ရွက်နိုင်ရေး အကြိုညှိနှိုင်း အစည်းအဝေးများ ကျင်းပခြင်း၊သက်ဆိုင်ရာဌာနများနှင့် ဆွေးနွေးညှိနှိုင်းမှုများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိပါသည်။
လုပ်ငန်းစဉ်များအားသတ်မှတ်အချိန်ဇယားဖြင့် စနစ်တကျပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံ၏ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်သည် မျှော်မှန်းထားသည့်အတိုင်း အောင်မြင်စွာဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် ကမ္ဘာ့ကုန် သွယ်ရေးအဖွဲ့ဝင်နိုင်ငံများကြား မြန်မာနိုင်ငံ၏ ကောင်းမွန်သောပုံရိပ်အား ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ထုတ်ဖော်ပြသသွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါ သည်။

WTO ဌာနခွဲ
ကုန်သွယ်ရေးဦးစီးဌာန