အာဖရိက ဝက်အပြင်းဖျားရောဂါ ကူးစက်ဝင်ရောက်မှုမရှိစေရေး စောင့်ကြည့်လေ့လာမှုများ ပြုလုပ်နေ

Fri, 08/16/2019 - 04:19 -- admin_ygn

       ရန်ကုန်တိုင်းဒေသကြီးအတွင်း အာဖရိကဝက်အပြင်း ဖျားရောဂါ ကူးစက်ဝင်ရောက်မှု မရှိစေရေး ပတ်ဝန်းကျင်ကို နေ့စဉ်စောင့်ကြည့်လေ့လာမှုများ ပြုလုပ်နေကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ဌာနမှ  ဌာနမှူး ဦးမင်းအောင်က ပြောသည်။ ဩဂုတ် ၅ ရက်က ရန်ကုန်မြို့တော်ခန်းမတွင် ပြုလုပ်သော ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် သတင်း မီဒီယာများတွေ့ဆုံပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြော ကြားခဲ့ခြင်းဖြစ်သည်။ “ဒီအာဖရိက အပြင်းဖျားဝက်ရောဂါဟာ တရုတ်မှာပဲ အဖြစ်များပါတယ်။ ဒီနေ့အချိန်ထိတော့ ကျွန်တော်တို့ဆီက ရောဂါနဲ့ပတ်သက်လို့ ပတ်ဝန်းကျင်ကို အမြဲတမ်း လေ့လာ စူးစမ်းနေပါတယ်။ ဒီနေ့အထိတော့ မြန်မာနိုင်ငံထဲကို ရောက်တယ်လို့ မကြားမိသေးပါဘူး။ ဒါနဲ့ပတ်သက်လို့လည်း ပြင်ဆင် ထားပါတယ်”ဟု ၎င်းကပြောသည်။

       လက်ရှိတွင် အာဖရိက ဝက်အပြင်းဖျားရောဂါ ဖြစ်ပွား မှုနှင့်ပတ်သက်၍ နယ်စပ်တွင် အသားတင်သွင်းခွင့် အားလုံး ကို မွေးမြူရေးနှင့် ကုသရေးဌာနက ပိတ်သိမ်းထားကြောင်း သိရသည်။ အာဖရိက ဝက်အပြင်းဖျားရောဂါ သည် အိမ်နီး ချင်း တရုတ်နိုင်ငံ အပါအဝင် အခြားနိုင်ငံအချို့မှာ ဖြစ်ပွားမှု နှုန်း မြင့်လာသည့်အတွက် လက်ရှိတွင် နယ်စပ်ဂိတ်များမှ ဝက်နှင့်ဝက်ထွက်ပစ္စည်းများ မြန်မာနိုင်ငံတွင်းသို့ တင်သွင်း ခြင်း၊သယ်ယူခြင်း ရောင်းချခြင်း ၊ဝယ်ယူခြင်းများကို မပြုလုပ် ရန် ယခင်ထက်ပို၍ တင်းတင်းကျပ်ကျပ် ပိတ်ပင်တားမြစ် ထားသည်ဟုဆိုသည်။

      “ကျွန်တော်တို့ ဌာနအနေနဲ့ နေ့စဉ် အသားထုတ် လုပ် ရာမှာ ဂရုတစိုက်စစ်ဆေးမှုတွေ ဆောင်ရွက်ပါတယ်။ ဒီရောဂါ ဟာ ကူးစက်ခံရတာနဲ့ ဝက်ခြံလုံးလိုက်ပြုတ်ပြီး သေသွားတဲ့ ရောဂါမျိုးဖြစ်တဲ့အတွက် သိသာထင်ရှားတဲ့ေ ရာဂါ ဖြစ်တာ ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ သေချာစောင့် ကြည့်လေ့လာနေပါတယ်”ဟု ဦးမင်းအောင်က ပြောသည်။ ယင်းဌာနအနေဖြင့် ဝက်သားထုတ်လုပ်ရေးကို ရွာသာကြီးဝက် သားထုတ်လုပ်ရေးရုံမှ တစ်နေ့ လျှင် ဝက်အကောင်ရေ ၄၅၀ မှ ၅၅၀ ကြား ထုတ်လုပ်ပြီး အင်းစိန် (ရွာမ) ဝက်သားထုတ်လုပ် ရေးရုံမှ တစ်နေ့လျှင် ဝက်အကောင်ရေ ၉၀ဝ မှ ၁၀ဝ၀ ကြား ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ရောဂါဖြစ်ပွားမှု အခြေအနေ ကင်းရှင်းသွားချိန်၊ ကင်းရှင်းကြောင်း အကြောင်းကြားခြင်း ၊ ဝက်နှင့် ဝက် ထွက်ပစ္စည်း ပြန်လည်တင် သွင်းရန် ဆွေးနွေးညှိနှိုင်းပြီးချိန်မှသာ မြန်မာနိုင်ငံတွင်းသို့ တင်သွင်းခွင့် ပြန်လည်ခွင့်ပြုမည်ဖြစ်ကြောင်း သိရ သည်။ ထို့ပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရေးကော်မတီအနေဖြင့်လည်း ဝက်အရှင် နှင့် ဝက်ထွက်ပစ္စည်းများဖြစ်သည့် ဝက်သား ၊ အေးခဲအသား၊ ဝက်ပေါင်ခြောက် ၊ ဝက်အူချောင်းနှင့် တခြားဝက်ထွက်ပစ္စည်း များအား နယ်စပ်ပေါက် ၊ လေဆိပ်၊ရေဆိပ်များမှ တင်သွင်း ခြင်း ၊သယ်ယူခြင်း ၊ ရောင်းချခြင်း တားဆီးပိတ်ပင်ထားမှုတို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

 

ပန်းဆု

Local Trade News

Pages