ယခုလအတွင်း Yangon Water Bus ကို ရေယာဉ်သစ်များဖြင့် ပြန်လည်ပြေးဆွဲမည်

Mon, 11/25/2019 - 04:17 -- admin_ygn

        နှစ်လနီးပါးကြာ အကြီးစား ပြင်ဆင်မှုများ ပြုလုပ်နေသည့် Yangon Water Bus ရေယာဉ်ပြေးဆွဲမှုများကို ယခု နိုဝင်ဘာလအတွင်း  ရေယာဉ်အသစ်များ အသုံးပြု၍ ပြန်လည် ပြေးဆွဲသွားမည်ဖြစ်ကြောင်း  Yagon Water Bus လုပ်ပိုင်ခွင့် ရထားသည့် တင့်တင့်မြန်မာကုမ္ပဏီမှ သိရသည်။ ယင်းသို့ ရပ်နားထားခြင်းသည်  မိုးရာသီအတွင်း ဆိပ်ကမ်းများပျက်စီးနေခြင်းကို ပြုပြင်ရန်၊ ရေယာဉ်များ အကြီး စားပြုပြင်ရန်၊ ငမိုးရိပ်ချောင်းအတွင်း ပြေးဆွဲမည့် ရေယာဉ် များ တင်သွင်းရန်၊ ငမိုးရိပ်ချောင်း ဆိပ်ကမ်းများ ဆောက်လုပ် ခွင့် ရရှိရန်၊ သန်လျင်ဆိပ်ကမ်း ပြုပြင်ဆောက်လုပ်ရန်၊ ငွေပေး ချေစနစ်သစ်အတွက် စက်များတပ်ဆင်ရန်တို့အတွက်ဖြစ် ကြောင်း သိရသည်။ ယခုကဲ့သို့ ရပ်နားထားခြင်းသည် အရှုံးပေါ်၍ မဟုတ် ဘဲ သင်္ဘောနှင့်  ဆိပ်ကမ်းများ အဆင့်မြင့်တင်ရန် အတွက် ယာယီရပ်နားထားခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ သယ်ယူပို့ဆောင်ရေး   ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ၏  တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က နိုဝင်ဘာ ၁၂ ရက်တွင် ပြောသည်။

         ကျွန်တော်တို့ အနေနဲ့  Yagon Water Bus အရှုံးပေါ်လို့ ရပ်နားထားတယ်လို့ ပြောဆိုတာကိုတော့ မသိပါဘူး။ ကျွန် တော်တို့ သိတာက ရေယာဉ်တွေ စစ်ဆေးခြင်း၊ နောက်တစ်ခါ ဆိပ်ကမ်းတွေကို အဆင့်မြှင့်တင်ခြင်းအတွက် ရပ်ဆိုင်းထား တယ်ပဲ သိပါတယ်ဟု ဦးလှအောင်က ပြောသည်။ Yagon Water Bus ၏ ထုတ်ပြန်ချက်အရ ခရီးသွား ပြည်သူများအနေဖြင့် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများ ရရှိစေရန် စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၃၁ ရက် အထိ ရပ်နားထားခြင်းဖြစ်ကြောင်း သိရသည်။ ပြန်လည်ဖွင့် လှစ်ချိန်တွင် အဆိုပါရေယာဉ်များတွင် စီးနင်းခကို ပေးချေရန် ငွေပေးမှုစနစ်ကို  အသုံးပြုမည့်စက်များ တပ်ဆင်သွားရန် ရှိနေပြီး KBZ Pay၊ CB Pay၊ Visa၊ Master Card  တို့နှင့် ပေးချေနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ တင့်တင့်မြန်မာကုမ္ပဏီက လုပ်ပိုင်ခွင့်ရထားသည့် Yagon Water Bus ပြေးဆွဲမှုကို ၂၀၁၇ ခုနှစ် အောက်တို ဘာလက စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ဗိုလ်တထောင် ဆိပ်ကမ်း၊ နန်းသီတာ၊ လမ်းသစ်ဆိပ်ကမ်း၊ လှိုင်ဘူတာရုံလမ်း၊ အင်းစိန်ဆိပ်ကမ်း  စသည့် ဆိပ်ကမ်းများတွင် ပြေးဆွဲပေးနေ ကြောင်း သိရသည်။ ထို့ပြင် ရေလယ်ကျောက်တန်း၊ တွံတေးနှင့် ရန်ကုန်မြစ် အတွင်း Sunset Cruise ခရီးစဉ်များကို ရုံးပိတ်ရက်များနှင့် အခါကြီးရက်များတွင် အထူးအစီအစဉ်များ အနေဖြင့် ပြေးဆွဲ ပေးနေပြီး ထပ်မံ၍ ခရီးစဉ် အသစ်များအဖြစ် လှိုင်သာယာ၊ ရွှေပြည်သာ၊ ဆိပ်ကြီးခနောင်တို၊ ကြည့်မြင်တိုင် တစ်ဖက်ကမ်း နှင့် သန်လျင်မြို့နယ်များအထိ တိုးချဲ့ပြေးဆွဲရန် စီစဉ်လျက်ရှိ ကြောင်း သိရသည်။

 

ပန်းဆု