ပြည်တွင်းရွှေဈေး ကျပ် ၉၁၄၀၀၀ သို့ရောက်ရှိပြီး ပြန်လည်ကျဆင်း

Tue, 06/13/2017 - 07:03 -- admin_ygn

        ယခုတစ်ပတ်တွင် ပြည်တွင်းရွှေဈေးသည် ကျပ် ၉၁၄၀၀၀ သို့ရောက်ရှိခဲ့ပြီး ပြန်လည်ကျဆင်းလာခဲ့သည်။ အဆိုပါဈေးသည် ယခုတစ်ပတ်အတွင်း အမြင့်ဆုံး ဈေးဖြစ်ခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည်လည်း အမြင့်ဆုံးဈေးအဖြစ်  အမေရိကန် ၁၂၉၃ ဒေါ်လာအထိ ရောက်ရှိခဲ့သည်။ ကမ္ဘာ့ရွှေဈေး မြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေဈေးများ မြင့်တက်လာရခြင်းဖြစ်ပြီး ကမ္ဘာ့ရွှေဈေးများ ပြန်လည်ကျဆင်းလာချိန်တွင် ပြည်တွင်းရွှေဈေးများလည်း ပြန်လည် ကျ ဆင်းလာခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ "ကမ္ဘာ့ရွှေဈေးက မြင့်တက်လာတော့ ပြည်တွင်းရွှေဈေးကလည်း လိုက်ပြီး မြင့်တက်လာတယ်။ ဒီတစ်ပတ်မှာ ပြည်တွင်းရွှေဈေးက အမြင့်ဆုံး ကျပ် ၉၁၄၀၀၀ အထိ ရောက်ရှိခဲ့သလို ကမ္ဘာ့ရွှေဈေးကလည်း ၁၂၉၃ အမေရိကန် ဒေါ်လာအထိ ရောက်ရှိလာခဲ့တယ်။ ပြည်တွင်းရွှေဈေး မြင့်တက်လာပေမယ့်  အရောင်းအဝယ် ကတော့ ပုံမှန်အတိုင်း ပါပဲ"ဟု ရွှေကုန်သည် ဦးစံမြင့်က ဆို သည်။
         ဇွန် ၅ ရက်က ပြည်တွင်းရွှေဈေးကွက်၌ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၉၁၀၅၀၀ ရှိခဲ့ရာမှ ဇွန် ၇ ရက်တွင် ကျပ် ၉၁၄၀၀၀ အထိမြင့်တက်ခဲ့သည်။ ဇွန် ၈ ရက်မှစ၍ ပြန်လည်ကျဆင်းလာခဲ့ရာ ဇွန် ၉ ရက်တွင် ကျပ် ၉၀၇၀၀၀ သို့ လည်းကောင်း၊ ဇွန် ၁၀ ရက်တွင် ကျပ် ၉၀၆၀၀၀ သို့လည်းကောင်း ပြန်လည် ကျဆင်းလာခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် ဇွန် ၅ရက်တွင် တစ်အောင်စလျှင် ၁၂၈၁ အမေ ရိကန် ဒေါ်လာရှိခဲ့ပြီး ဇွန် ၇ ရက်တွင် ၁၂၉၃ အမေရိကန်ဒေါ်လာသို့မြင့်တက်ခဲ့သည်။ ဇွန် ၁၀ ရက်တွင် ၁၂၆၇ အမေရိကန်ဒေါ်လာသို့ကျဆင်းခဲ့သည်။

 

မယ်သီတာ