နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဘူဆန်ခရီးစဉ်က နှစ်နိုင်ငံပြည်သူအကြား တံတားထိုးနိုင်လိမ့်မည်လား

Fri, 12/13/2019 - 08:45 -- admin_ygn

      နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အာဆီယံ-ကိုရီးယားဆွေးနွေးဖက်ဆက်ဆံရေးနှစ် ၃၀ ပြည့် အထိမ်း အမှတ် ထိပ်သီးအစည်းအဝေးနှင့် ပထမအကြိမ် မဲခေါင်-ကိုရီးယား ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ကိုရီးယားသမ္မတနိုင်ငံ ဘူဆန် မြို့သို့ နိုဝင်ဘာ ၂၄ ရက်တွင် ထွက်ခွာခဲ့သည်။ နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်နှင့်အတူ အဖွဲ့ဝင်များအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်း၊ နေပြည်တော် စည်ပင် သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါသွားခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့၌ နိုဝင်ဘာ ၂၅ ရက် တွင် ဖွင့်ပွဲပြုလုပ်သည့် အာဆီယံ-ကိုရီးယား အမှုဆောင်အရာရှိချုပ် ထိပ်သီးဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး မိန့်ခွန်းပြော ကြားသည်။ ယင်းသို့ ပြောကြားရာတွင် ကိုရီးယားသမ္မတနိုင်ငံ၏ တောင်ပိုင်းဒေသ မူဝါဒသစ်နှင့်မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲ ပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) တို့သည် တူညီသည့်အချက်များစွာရှိသည်ကို တွေ့မြင်ရလိမ့်မည် မိမိအနေဖြင့် ယုံကြည်ကြောင်း၊ မိမိတို့ပြည်သူများနှင့် မိမိတို့ဒေသ၏ လွတ်လပ်မှု နှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်ပေးရေးဆိုသည့် တူညီသည့် ရည်မှန်းချက်နှင့် ယင်းမူဝါဒနှင့် စီမံကိန်းတို့ စည်းနှောင်ပေါင်းစည်း ထားကြောင်း၊ မြန်မာနိုင်ငံသည် ယနေ့အချိန်အခါတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် အာဆီယံနှင့်အာရှနိုင်ငံများနှင့် ရင်းနှီး မြှုပ်နှံမှု၊ ကုန်သွယ်မှုဆက်ဆံရေးတိုးမြှင့်ရေးအာရုံ စိုက်ဆောင်ရွက် လျက်ရှိကြောင်း၊ အရှေ့တောင်အာရှမှာ ကုန်းမြေအကြီးဆုံးနိုင်ငံ ဖြစ်သည့် မြန်မာနိုင်ငံတွင် လူဦးရေ ၅၃ သန်းရှိပြီး အများစုသည် အလုပ်လုပ်ကိုင်နိုင်သည့် အသက်အရွယ်ရှိကြသူများဖြစ်ကြောင်း၊ မြန်မာနိုင်ငံ နှစ်စဉ်စီးပွားရေး တိုးတက်မှုနှုန်း ခြောက်ရာခိုင်နှုန်းမှ ခုနစ်ရာခိုင် နှုန်းအကြားရှိကြောင်း၊ အာဆီယံ၏စီးပွားရေး တိုးတက်မှု အလျင်မြန်ဆုံးနိုင်ငံများတွင် အပါအဝင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ သည် အကြီးမားဆုံးသော ဒေသတွင်းစီးပွားရေး အုပ်စုနှစ်စုဖြစ်သည့်  မဟာ မဲခေါင်ဒေသခွဲနှင့် တောင်အာရှဒေသခွဲအုပ်စုတို့ကို ချိတ်ဆက် ထားသည့် မဟာဗျူဟာမြောက်နေရာ၌ တည်ရှိကြောင်း၊ သဘာဝ ဓာတ်ငွေ့ ၁၇ ထရီလီယံကုဗမီတာ၊ ရေနံစိမ်းစည်ပေါင်း ၃ ဒသမ ၂ ဘီလီယံ၊ ရှားပါးသယံဇာတများ၊ ဓာတ်သတ္တုများနှင့် တွင်းထွက် ရတနာများ စသည့် သဘာဝ သယံဇာတများနှင့် စိုက်ပျိုးရေး၊ မွေးမြူ ရေးထွက်ကုန်များရှိသည်ကြောင့် မြန်မာနိုင်ငံသည် အရင်းအမြစ် ြွကယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းများကို ပြောကြားခဲ့သည်။

    ထို့ပြင် ဆက်လက်ပြောကြားသေးသည်မှာ- မိမိတို့နိုင်ငံသည် ကိုရီးယားသမ္မတနိုင်ငံနှင့် အပြန်အလှန် အကျိုးပြုဖြည့်ဆည်းပေးနိုင်မည့် အားသာချက်များစွာရှိသည်။ သို့သော် မိမိတို့အားလုံး လိုလားတောင့်တကြသည့် ငြိမ်းချမ်းပြီး သာယာဝပြောသည့် အနာဂတ်ကို အပြည့်အဝ ဖော်ဆောင်နိုင်ရန် မိမိတို့အတူတကွ စည်ပင်ဖွံ့ဖြိုးနိုင်မည့် စီးပွားရေးမိတ်ဖက်ပြုမှုအသစ် များကို စူးစမ်းရှာဖွေလျက်ရှိသည်။ နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင် ရွက်မှုတိုးမြှင့်ရာတွင် စီးပွားရေးလုပ်ငန်းအချင်းချင်းနှင့် ပြည်သူ အချင်းချင်းအကြား ဆက်ဆံရေးတိုးတက်ခိုင်မာရေးကိုသာမက အဖွဲ့ အစည်းဆိုင်ရာ အခြေခံအဆောက်အအုံနှင့် ဥပဒေမူဘောင်များကို လည်း အလေးထားအာရုံစိုက်ဖို့လိုသည်။ မြန်မာနိုင်ငံသည် ဒေသတွင်း ဘက်စုံစီးပွား ရေးပူးပေါင်းဆောင်ရွက်မှု (RCEP) ဆွေးနွေးညှိနှိုင်းမှု အပြီးသတ်ဖို့ အပြည့်အဝ ကတိကဝတ်ပြုထားသည် စသည်ဖြင့်လည်း ပြောကြားခဲ့ကြောင်း လေ့လာသိရှိရသည်။ ကိုရီးယားသမ္မတနိုင်ငံနှင့်အာဆီယံတို့ အကြား ကုန်သွယ်မှု သည်  ဆွေးနွေးဖက်ဆက်ဆံရေး  တရားဝင်စတင်သည့်အချိန်နှင့် နှိုင်းယှဉ်လျှင် ယခုအနှစ် ၃၀ အကြာ၌ အဆ ၂၀ ကျော်ကို တိုးတက်ခဲ့ သည်။ အာဆီယံသည် ကိုရီးယားနိုင်ငံ၏ ဒုတိယကုန်သွယ်မှုအများဆုံး မိတ်ဖက်လည်း ဖြစ်လာသည်။ ယင်းတိုးတက်မှု၏အကျိုးကိုလည်း မြန်မာနိုင်ငံက ခံစားရရှိပြီးဖြစ်သည်။ မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍသည် လွန်ခဲ့သည့်နှစ်များအတွင်း  လျင်မြန်စွာတိုးတက်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ပြည်တွင်းအသားတင်ထုတ်လုပ်မှု (ဂျီဒီပီ) သည် ၁၉ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ၂၃ ဒသမ ၉ ရာခိုင်နှုန်း အထိ တိုးတက်ခဲ့သည်။ အဝတ်အထည်တင်ပို့မှုမြင့်တက်လာခြင်း ကြောင့်  ထုတ်လုပ်မှုပမာဏတိုးတက်လာခြင်းနှင့်ဒလမြို့ ကို ဆက် သွယ်သည့် မြန်မာ-ကိုရီးယားချစ်ကြည်ရေးတံတားနှင့် မကြာသေးမီက ဖွင့်လှစ်ခဲ့သည့် ကိုရီးယား-မြန်မာ စက်မှုဇုန်အပါအဝင် မဟာဗျူဟာ ကျသည့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းသစ်များ ကြောင့် ဆောက်လုပ်ရေးကဏ္ဍ တိုးတက်လာခြင်းက စက်မှုကဏ္ဍတိုးတက်မှုကို ကူညီအားပေးလျက်ရှိသည် စသည်ဖြင့် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့သည်။

        ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် နိုဝင်ဘာ ၂၅ ရက်တွင် အာဆီယံ-ကိုရီးယား ယဉ်ကျေးမှု ဆိုင်ရာ တီထွင်ဆန်းသစ်မှု ထိပ်သီး အစည်းအဝေးတွင် အနုပညာနှင့် အတူ ဖွင့်ထွားတိုးတက်ရေး (Growing with Art) ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့ပါသေးသည်။ မိန့်ခွန်းထဲတွင် မြန်မာနှင့် ကိုရီးယား သမ္မတနိုင်ငံတို့ အနုပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ စတင် နေသည်ကို တွေ့မြင်ရ၍ မိမိများစွာ အားရကျေနပ်မိကြောင်း၊ ကိုရီး ယားနိုင်ငံ JBJ Entertainment ၊ SBS Medianet တို့နှင့် မြန်မာနိုင်ငံ BIGS Film Production ၊  Fortune TV  တို့အကြား ပူးတွဲထုတ်လုပ် ထားသည့် A Winter once upon a time ၊ A Flower above the clods နှင့် My music Teacher Mingalabar အမည်ရှိ ရုပ်ရှင်များသည် အနာဂတ်တွင် ရုပ်ရှင်ထုတ်လုပ်မှုကဏ္ဍ၌ ပူးပေါင်း ဆောင်ရွက်မှု ကဏ္ဍ မြှင့်တင်သွားနိုင်ဖို့ အပြုသဘောဆောင်သည့် ခြေလှမ်းများ ဖြစ်ကြောင်း၊ မြန်မာ-ထိုင်း-ကိုရီးယားနိုင်ငံတွေက အဆိုတော်များနှင့် ဖွဲ့စည်းထားသည့် ကိုရီးယားမိန်းကလေးအဆိုတော် အဖွဲ့ဖြစ်သည့် Rose Quartz ဆိုလျှင်လည်း ဂီတနှင့်ပေါင်းစည်းထားသည့် ချစ်ကြည် ရင်းနှီးမှု ပြယုဂ်တစ်ခုဖြစ်ကြောင်း၊ K-pop  လို အလားတူ ဖွဲ့စည်းထား သည့် မြန်မာအမျိုးသားလေးများ၏ ဂီတအဖွဲ့ဖြစ်သည့် Project-K ဆိုလျှင် လူငယ်များအကြားမှာသာ လူကြိုက်များထင်ရှားရုံသာမက ယင်းအဖွဲ့ကို နှစ်ခြိုက်သူများထဲ မိမိလည်း တစ်ဦးအပါအဝင် ဖြစ် ကြောင်း၊ အာဆီယံနှင့် ကိုရီးယားနိုင်ငံတို့အကြား တိုးတက်လာသည့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအပြင် ယဉ်ကျေးမှု ချင်းဖလှယ်ခြင်းက ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေး ကို သိသိသာသာ အထောက်အကူပြုသည်ကို အသိအမှတ်ပြုလျက် ဒေသတွင်း ပြည်သူများအကြား ငြိမ်းချမ်းသာယာဝပြောရေးကို တိုးမြှင့်နိုင်လိမ့်မည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသွားခဲ့သည်။ နိုဝင် ဘာ ၂၆ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အာဆီယံ- ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေးနှစ် ၃၀ ပြည့် အထိမ်းအမှတ် ထိပ်သီး အစည်းအဝေးနှင့် မြန်မာ-ကိုရီးယားနှစ်နိုင်ငံတွေ့ဆုံပွဲ၊ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးပွဲများသို့ တက်ရောက်ခဲ့ သည်။ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာရေးထိုးကြရာတွင် ငါးလုပ်ငန်း ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ၊ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ သင်တန်းများ ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချွန်လွှာတို့ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ ထို့ပြင် နှစ် နိုင်ငံတွေ့ဆုံပွဲတွင် ယဉ်ကျေးမှု၊ ပညာရေး၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အခြေခံအဆောက်အအုံများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးကဏ္ဍများ အကျိုးတူ ပူးပေါင်းဆောင်ရွက် မှုများ တိုးမြှင့်ရေး၊ ပြည်သူ အချင်းချင်းထိတွေ့ဆက်ဆံမှု ပိုမိုတိုး တက်ရေးကိစ္စများ ဆွေးနွေးခဲ့ကြသေးသည်ဟုလည်း လေ့လာသိရှိခဲ့ ရပါကြောင်း။

 

မောင်လွင်ပြင်

Local Trade News

Pages