တရုတ်နိုင်ငံဈေးကွက်သို့ ရေထွက်ပစ္စည်းများ ပြန်လည်တင်ပို့လျက်ရှိ

Mon, 03/16/2020 - 04:31 -- admin_ygn

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဝူဟန် ဗိုင်းရပ်စ်ရောဂါကြောင့် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ပိတ်ပင်ထားခဲ့ရာမှ ယခုအချိန်တွင် ပြန်လည် ဖွင့်လှစ်လိုက်ပြီ ဖြစ်သည့်အတွက် ရေထွက် ကုန်ပစ္စည်းများ ပြန်လည်တင်ပို့ရောင်းချမှုများ စတင်ဆောင်ရွက်လျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံသို့ ရေထွက်ကုန်ပစ္စည်းများကို ရေကြောင်းကုန်သွယ်ရေး၊ နယ်စပ်ကုန်သွယ်ရေး၊ လေကြောင်းကုန်သွယ်ရေး စသည့် နည်းလမ်းသုံးမျိုးဖြင့် တင်ပို့ရောင်းချရာတွင် ၂၀၁၈-၂၀၁၉ ခုနှစ်ဘဏ္ဍာနှစ်တွင် ရေထွက်ပစ္စည်းမက်ထရစ် တန် စုစုပေါင်း ၁၃၇၂၅၉ ဒသမ ၅၇၂ တန်တင်ပို့နိုင်ခဲ့ပြီ ဝင်ငွေအားဖြင့် အမေရိကန်ဒေါ်လာ ၂၀၅ သန်း ရရှိခဲ့သည်။ တရုတ်နိုင်ငံသည် မြန်မာ့ရေထွက်ကုန်ပစ္စည်း   ထိုင်းနိုင်ငံ ပြီးနောက် ဒုတိယအများဆုံးတင်ပို့ရောင်းချသည့် ဈေးကွက်ကြီး ဖြစ်သည်။

 

မူဆယ်အပါအဝင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ ငါးရှဉ့်နှင့် ကဏန်းအရှင်များကို တင်ပို့ရောင်းချရာတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ငါးရှဉ့် ၈၆၁၆ ဒသမ ၂၁၃ မတ်ထရစ်တန် တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေအမေရိကန်ဒေါ်လာ ၃၀ ဒသမ ၈၅၈ သန်းရရှိခဲ့ကာ  ကဏန်း ၁၀ဝ၈၃ ဒသမ ဝ၈၄ မတ်ထရစ်တန် တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၆၉၁ သန်းရရှိခဲ့သည်။ ဝူဟန်ဗိုင်းရပ်စ်ကူးစက်ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း တရုတ်နိုင်ငံ တွင် စားသောက်ဆိုင်များ၊ ဈေးများပိတ်ခြင်း၊ လူများ၏ စားသုံးမှုပုံစံ တုံ့ဆိုင်းသွားခြင်း၊ ကုန်စည်ကူးသန်း ရောင်းဝယ်မှုများ ရပ်တန့်ခြင်း၊ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ပင်လိုက်ခြင်းစသည့် အခက်အခဲ များကြောင့် ငါးရှဉ့်၊ ကဏန်း ကုန်သွယ်မှုအားလုံး တစ်လနီးပါးခန့် ရပ်တန့်ကာ ငါးရှဉ့်နှင့် ကဏန်းဈေးနှုန်းများ ကျဆင်းခဲ့ သဖြင့် ရေလုပ်သားများ၊ ဝယ်ရောင်းလုပ်ကိုင်သူများ  အဆင်မပြေမှုများ၊ ဆုံးရှုံးမှုများ  ဖြစ်ပေါ်ကြုံတွေ့ ခဲ့ရကြောင်း မြန်မာ နိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

 

ခိုင်သဉ္ဇာဦး

(မြှင့်တင်၊ပြည်တွင်း-ရန်ကုန်)