စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရလွယ်ကူမှု အညွှန်းကိန်းတွင် အညွှန်းကိန်းသစ်နှစ်ခု ထပ်မံပါဝင်မည်

Fri, 11/15/2019 - 04:55 -- admin_ygn

       စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရလွယ်ကူမှု ညွှန်းကိန်း (Ease of Doing Business)တွင် အညွှန်းကိန်းသစ်နှစ်ခုကို ထပ်မံပါဝင်မည်ဖြစ်ကြောင်း Ease of Doing Business Ranking တိုးတက်ရေးလုပ်ငန်းအဖွဲ့ခေါင်းဆောင်၊ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောသည်။ ဆယ်ခုနဲ့စတာပေါ့လေ။ နောက်ထပ်နှစ်ခု ကတော့ အလုပ်သမားနဲ့ ပတ်သက်တဲ့ Labor Right  တို့၊ Labor Practices တွေပေါ့။ ဒါပေမဲ့ ဒါကတိုင်းတာရခက်တော့ ထည့်တော့ ထည့်ထားတယ် မတွက်သေးဘူး။ ဒီနှစ်မှာ ထပ်ပြီး သေသေချာချာ ထည့်တွက်မှာကတော့ Government  Purchase ဖြစ်ပါတယ်။ အစိုးရရဲ့တင်ဒါခေါ်တဲ့ကိစ္စရပ်တွေနဲ့ ပတ်သတ်ပြီး အညွှန်းကိန်းတစ်ခုမဖြစ် မနေထပ်ထည့်ထားပါတယ်။ ထပ်ထည့်မယ် ဆိုတော့ ကျွန်တော်တို့ကလည်း အဲဒီအညွှန်းကိန်းနှစ်ခုကို အဖွဲ့နှစ်ဖွဲ့ထပ် ဖွဲ့မယ်ဟု ဦးအောင်ထူးက ပြော ကြားသည်။ အဆိုပါအညွှန်းကိန်းများအတွက် သက်ဆိုင်ရာလုပ်ငန်းအဖွဲ့များဖွဲ့စည်းရန် စီမံဆောင်ရွက်နေကြောင်း၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရ လွယ်ကူမှု ညွှန်းကိန်းတစ်ခုချင်းအလိုက် အထောက်အကူပြုအဖွဲ့ ၁၀ ဖွဲ့ကို သက်ဆိုင်ရာ ညွှန်ကြားရေး မှူးချုပ်အဆင့်များ ဦးဆောင်၍ ဖွဲ့စည်းဆောင်ရွက် စေလျက်ရှိကြောင်း သိရသည်။

       အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း၏ အရှေ့တောင်အာရှ ဒေသဆိုင်ရာဒါရိုက်တာ Mr. Vivek Pathk  မြန်မာ နိုင်ငံဟာ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရလွယ်ကူမှုအခြေအနေများ တိုးတက်လာစေရန်အတွက်  စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရလွယ်ကူမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းအဖွဲ့ (Doing Business Reform Working Group-DBRWG)ကို ဖွဲ့စည်းခဲ့ပြီး ပြုပြင်ပြောင်းလဲမှုများကို ပဲ့ကိုင်လမ်းညွှန် ဆောင်ရွက်နေပါတယ်ဟု ဆိုသည်။ ကမ္ဘာ့ဘဏ်ကထုတ်ပြန်သောစီးပွား ရေးလုပ်ငန်းများလုပ်ကိုင်ရလွယ်ကူမှုအခြေအနေ၂၀၂၀အစီရင်ခံစာအရ  ပြုပြင်ပြောင်းလဲမှု အကောင်းဆုံး ဆောင်ရွက်နိုင်သည့် နိုင်ငံ ၂၀ စာရင်းတွင် မြန်မာနိုင်ငံပါဝင်လာခဲ့ပြီး ကမ္ဘာ့ အဆင့် သတ်မှတ်ချက်အဖြစ် အဆင့် ၁၆၅ တွင် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

 

သန်းထိုက်အောင်