စတော့ဈေးကွက်တွင် အွန်လိုင်းအသုံးပြု ငွေချေး သက်သေခံလက်မှတ် ဝယ်ယူခြင်းများ နည်းပါးနေသေး

Wed, 08/21/2019 - 06:38 -- admin_ygn

       ပြည်တွင်း စတော့ရှယ်ယာဈေး ကွက်တွင် အွန်လိုင်း အသုံးပြုငွေချေး သက်သေခံလက်မှတ် ဝယ်ယူခြင်းများ နည်းပါးနေသေးကြောင်း KTZ Ruby Hill Securities Co.,Ltd. မှ Operation Manager ဖြစ်သူ ဒေါ်လဲ့လဲ့မိုးက ပြော သည်။ သြဂုတ် ၁၁ ရက်က Yangon Stock Exchange Seminar Hall  ၌ ပြုလုပ် သည့် “Investment in Myanmar Stock Market” အကြောင်း ဆွေးနွေး တင်ပြသည့် အခမ်းအနားတွင် ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ “စတော့အွန်လိုင်း ရောင်းဝယ်တဲ့ အခြေအနေက   လောလောဆယ်မှာ ကျွန်မတို့ investor တွေက နည်းနေ သေးတယ်ပေါ့နော်။ တချို့လူတွေဆိုရင် ရိုးရိုးအကောင့်ပဲ ဖွင့်ထားတယ်။ အကောင့် နဲ့ပဲ ကျွန်မတို့ကို ဖုန်းဆက်ပြီး လာတင်တယ်။ အီးမေးလ်ကနေ အော်ဒါတင် တယ်။ အဲဒီလိုမျိုးလေးပဲ လုပ်တယ်။ သူတို့ကိုယ်တိုင် အွန်လိုင်းကနေပြီးတော့ လုပ်တဲ့ဟာ တော်တော်နည်းတယ်” ဟု ၎င်းကပြောသည်။

       အဆိုပါ ကုမ္ပဏီအနေဖြင့် အွန်လိုင်းအကောင့် မဖွင့်သေးသူများ၊ အွန်လိုင်းအကောင့်သုံး၍ ငွေချေးသက်သေခံ လက်မှတ်  ဝယ်ယူခြင်းကိစ္စရပ်   မသိ သေးသူများကို ဖိတ်ကြား၍ သင်ကြား ပြသပေးသွားရန် ရှိသည်ဟု ဆိုသည်။ အွန်လိုင်းမှတစ်ဆင့် ငွေချေးသက်သေခံ လက်မှတ် ဝယ်ယူရာတွင် လူတစ်ဦး လျှင် အများဆုံးကျပ်သိန်း ၁၀၀ အထိ ဝယ်ယူနိုင်ပြီး ယင်းပမာဏထက် ပိုမို ဝယ်ယူချင်ပါက ဖုန်းဖြင့်ဆက်သွယ်၍ ဖြစ်စေ၊ သက်ဆိုင်ရာ ရှယ်ယာအရောင်း ဌာနသို့ သွားရောက်၍ဖြစ်စေ ဝယ်ယူ နိုင်ကြောင်း ၎င်းက ပြောသည်။ “ကျွန်မတို့ အွန်လိုင်းကနေ ငွေချေး သက်သေခံလက်မှတ် ဝယ်ယူခြင်းကို maximum သိန်း ၁၀၀ အထိ ခွင့်ပြုပေး ထား ပါတယ်။ သိန်း ၁၀၀ ကျော်ရင် alarm ပေးပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

        ယင်းကဲ့သို့ အွန်လိုင်းမှတစ်ဆင့် ငွေချေးသက်သေခံ လက်မှတ်အရောင်းအဝယ် ပြုလုပ်ရန်အတွက် ယခင်ကရှယ်ယာ အရောင်းအဝယ်လုပ်ရန် စာရင်း ဖွင့်လှစ်ထားသူဖြစ်စေ၊ မဖွင့်လှစ်ထား သူဖြစ်စေ အွန်လိုင်းရောင်းဝယ် မှု စည်းမျဉ်းများနှင့် ပတ်သက်သည့် သဘော တူညီချက်များ ချုပ်ဆိုပြီးမှသာ ငွေကြေးသက်သေခံလက်မှတ် ကုမ္ပဏီနှင့် အင်တာနက်မှ ချိတ်ဆက်၍ အရောင်းအဝယ် ပြုလုပ်နိုင်မည်ဖြစ်သည်။ မြန်မာ့စတော့ ရှယ်ယာ ဈေးကွက် အတွင်း အွန်လိုင်း စနစ်ဖြင့် အရောင်းအဝယ် ပြုလုပ်နိုင် ရန် ရန်ကုန်စတော့အိတ်ချိန်း၏ ခွင့်ပြု ချက်ရရှိထားသည့် ကုမ္ပဏီများမှာ Myanmar Securities Exchange Centre Co., Ltd.(MESC)၊ KBZ Strilling Coleman Securi-ties Co., Ltd (KBZSC)၊ CB Securities Ltd. (CBSC)၊ AYA Trust Securities Co., Ltd (AYA Trust) နှင့် TMH Public Co.,Ltd  တို့ဖြစ်သည်။ ထိုသို့ အွန်လိုင်းမှ တစ်ဆင့် ငွေချေးသက်သေခံလက်မှတ် ရောင်းဝယ်ခြင်းကို ၂၀၁၇ ခုနှစ် ဒီဇင် ဘာလကုန်ပိုင်းမှ စတင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

 

ပန်းဆု

Local Trade News