ယခုနှစ် ဇန်နဝါရီလ ထိုင်းဆန်တင်ပို့မှုပမာဏ ၇၅.၂ % မြင့်တက်

Fri, 03/10/2023 - 09:54 -- Dotbilateral

      ထိုင်းနိုင်ငံ၏ ယခုနှစ် ဇန်နဝါရီလ ဆန်တင်ပို့မှုပမာဏသည် (၈၀၅,၅၁၉) တန်အထိ ရောက်ရှိခဲ့ပြီး ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ယခုနှစ်အစောပိုင်းတွင် ၇၅.၂ % ခန့် မြင့်တက်ခဲ့ကြောင်း၊ ထိုင်းဘတ် ငွေတန်ဖိုးကျဆင်းမှုနှင့် မြင့်တက်လာသည့် ကမ္ဘာ့အရှေ့ အလယ်ပိုင်းဒေသမှ ဆန်ဝယ် ကုန်အမှာစာ များအပေါ် နှစ်ကုန်ခန့်က ဖြည့်တင်းတင်ပို့ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၇ ရက် နေ့တွင် ပြောကြားခဲ့သည်။

      ဆန်တင်ပို့မှု တန်ဖိုးအနေဖြင့်လည်း ယခုနှစ် ဇန်နဝါရီလတွင် တစ်နှစ်ထက်တစ်နှစ် ၇၈.၇၆ % အထိ ပိုမိုမြင့်တက်ခဲ့ကြောင်းနှင့် ထိုင်းဘတ်ငွေ (၁၄.၂၈) ဘီလီယံခန့် (အမေရိကန်ဒေါ်လာ၅၄၈.၉မီလီယံခန့်) ရှိကြောင်း၊ ထိုင်းနိုင်ငံ နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Ronnarong Phoolpipat က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

     ဇန်နဝါရီလ ဆန်တင်ပို့မှုသည် ထိတ်လန့်စရာကောင်းသည့်နှုန်းဖြင့် တိုးတက်လာခဲ့ကြောင်း၊ ဝန်ကြီးဌာန၏ ကုန်သွယ်မှုမြှင့်တင်ရေး ကြိုးပမ်းအားထုတ်ခဲ့မှုများကြောင့်လည်း ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့ပြီး ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသ၊ အာရပ်နိုင်ငံအချို့၌ စိုက်ပျိုးရေးထွက်ကုန် နည်းပါးနေခြင်းနှင့် ဝယ်လိုအားပမာဏမြင့်မားနေခြင်းက ထိုင်းပို့ကုန်များထပ်မံတင်ပို့ရန် အခွင့်အရေး တစ်ရပ်ဖြစ်ကြောင်း ၎င်းက ကောက်နုတ်ပြောကြားခဲ့သည်။

     ၂၀၂၁ ခုနှစ်တွင် အဆိုပါဒေသသို့  ထိုင်းဆန်တင်ပို့မှုသည်(၆၃၀,၀၀၀)တန်ခန့်သာ ရှိခဲ့သော်လည်း ၂၀၂၂ ခုနှစ်၌ ဆန်တန်ချိန် (၂.၀၂ မီလီယံ)တန်အထိ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း၊ ၎င်းပမာဏသည် ထိုင်းတစ်နိုင်ငံလုံး စုစုပေါင်းဆန်တင်ပို့မှုပမာဏ၏ ၂၆ % ခန့်အထိရှိခဲ့ပြီး ထိုင်းနိုင်ငံအတွက် ကြီးမား သော ဈေးကွက်တစ်ခုကို ပိုင်ဆိုင်ထားသည့် ဒေသတစ်ခုဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် Mr. Ronnarong က ထပ်လောင်း ပြောကြားခဲ့သည်။

      သို့သော်လည်း ထိုင်းဘတ်ငွေတန်ဖိုး ကျဆင်းနေမှုအပေါ် စောင့်ကြည့် အကဲခတ်ရန်လိုအပ် လျက်ရှိပြီး ဆန်တင်ပို့ရန် လျာထားချက်ပမာဏအပေါ်ကိုလည်း ပြန်လည်သုံးသပ်ဆောင်ရွက်ရန် လိုကြောင်း ၎င်းက ပြောကြားထားသည်

     ယခင်နှစ် အောက်တိုဘာလနှိုင်းယှဉ်မှုအရ  ထိုင်းဘတ်ငွေတန်ဖိုးသည် အမေရိကန်ဒေါ်လာတန်ဖိုးအောက် ၁၃ % အထိသို့ ကျဆင်းခဲ့ခြင်းကြောင့် ၂၀၂၃ ခုနှစ်အတွက် ဆန်တင်ပို့ရန် လျာထားချက် (၈ မီလီယံ) တန်မှ (၇.၅ မီလီယံ)တန်သို့ လျှော့ချသတ်မှတ်ခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ထိုင်းဘတ်ငွေတန်ဖိုးသည် အမေရိကန်တန်ဖိုးအောက် ၁.၅ % ဆက်လက်ကျဆင်းနေခဲ့ပြီး အာရှတွင် တတိယမြောက် အဆိုးရွားဆုံး ငွေကြေးတန်ဖိုးကျဆင်းမှုတစ်ခု ဖြစ်ကြောင်း ဖော်ပြထားသည်။

      ကမ္ဘာ့ဆန်ဈေးကွက်တွင် ထိုင်းနိုင်ငံသည် ကမ္ဘာ့တတိယအကြီးဆုံး ဆန်တင်ပို့သည့်နိုင်ငံ တစ်ခုဖြစ်ပြီး အိန္ဒိယနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၏ နောက်၌ ရပ်တည်လျက်ရှိပါသည်။

    ၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံသည် ထိပ်တန်းဆန်ဈေးကွက် နိုင်ငံများဖြစ်သော အမေရိကန်၊ တရုတ်၊ တောင်အာဖရိက နှင့် အီရတ်နိုင်ငံများသို့ စုစုပေါင်း ဆန်တန်ချိန်(၇.၆၉ မီလီယံ)တန်အထိ တင်ပို့နိုင်ခဲ့ပြီး ဆန်တင်ပို့ရန် လျာထားချက်(၇.၅ မီလီယံ)တန်ထက် ကျော်လွန်၍ ယခင်နှစ် ကာလတူ ထက် ၂၂.၁ % တိုးမြှင့် တင်ပို့နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

https://www.reuters.com/markets/asia/ thai-january-rice-export-volume-up- 752-yy-ministry-2023-02-27/

 

International Trade News

Pages