ထိုင်းနိုင်ငံတွင် ရေပန်းစားလာသော ဂျပန်ငါးလုပ်ငန်း

Thu, 12/14/2023 - 04:32 -- wtodep

လူဦးရေကျဆင်းမှုနှင့် ပြည်တွင်းဈေးကွက် ဝယ်လိုအားကျဆင်းလာမှုတို့ကြောင့် အရှေ့တောင်အာရှ နိုင်ငံများတွင် အခြေချရန် ကြိုးပမ်းနေသော ဂျပန်ငါးလုပ်ငန်းသည် ထိုင်းနိုင်ငံတွင် နာမည်ရနေပြီဖြစ်သည်။ ငါးအစိမ်းနှင့် ဆူရှီ လက်လီ/ လက်ကားရောင်းချသည့် ဂျပန်ကုမ္ပဏီ Uoriki က ဘန်ကောက်၊ ချင်းမိုင် အပါအဝင် ထိုင်းနိုင်ငံ၏ မြို့ကြီး ၄ မြို့တွင် ဆိုင်များ ဖွင့်လှစ်ရောင်းချနေပြီး ဂုံး ဆာရှိမိ၊ ဆူရှီ မျိုးစုံ၊ မျက်ဆံနီရွှေငါး (kinmedai)၊ Tachiuo ငါးတို့မှာ လူကြိုက်များကြောင်း သိရှိရပါသည်။

Uoriki သည် ထိုင်း စီပီအုပ်စု (CP Group) နှင့် ဖက်စပ်ထူထောင်ကာ လာမည့်နှစ်တွင် ထိုင်းနိုင်ငံအ တွင်း ငါးအစိမ်းနှင့်ပင်လယ်စာဆိုင်ခွဲ ၁၀ ဆိုင်နှင့် ငါးနှစ်အတွင်း ဆိုင်ခွဲပေါင်း ၁၀၀ ကျော်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ကုမ္ပဏီဥက္ကဌ Masayuki Yamada ကပြော ကြားခဲ့သည်။

လယ်ယာစိုက်ပျိုးရေး၊ သစ်တောနှင့်ငါးလုပ်ငန်းဝန်ကြီးဌာနအဆိုအရ ဂျပန်နိုင်ငံမှ ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်း တင်ပို့မှုသည် ၂၀၂၂ ခုနှစ်အတွင်း ယန်း ၂၃.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၅၈ သန်း) ရှိကြောင်း၊ အဆိုပါပမာဏသည် ပြီးခဲ့သည့်နှစ်ကထက် ၁၄.၆ % ပိုမိုတိုးတက်လာခြင်းဖြစ်ပြီး ဂျပန်မှတရုတ်သို့ တင်ပို့မှုစုစုပေါင်း၏ ၂၇ % ခန့်သာရှိကြောင်း၊ အမေရိကန်နှင့်ထိုင်ဝမ်တို့သို့ တင်ပို့မှု ပမာဏထက်လည်း လျော့နည်းကြောင်း ဖော်ပြထားပါသည်။

ထိုင်းလူမျိုးများသည် ပြီးခဲ့သည့် ဆယ်စုနှစ် ၂ ခုလောက်မှစ၍ ဂျပန်အစားအစာများကို ပိုမိုနှစ်သက် လာပြီး ၂၀၀၇ ခုနှစ်က ထိုင်းတွင် ဂျပန်စားသောက်ဆိုင် ၇၄၅ ဆိုင် ရှိရာမှ ၂၀၂၂ ခုနှစ်တွင် ၅၃၂၅ ဆိုင်သို့ တိုးတက်ခဲ့ကြောင်း ဘန်ကောက်ရှိဂျပန် ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (Japan External Trade Organization – JETRO) ညွှန်ကြားရေးမှူးက ပြောကြားခဲ့သည်။

ဂျပန်မြောက်ပိုင်း Aomori နယ်မှ ဆယ်လမွန်ငါးအသားလွှာနှင့်ဆာရှိမိများကို လူကြိုက်များကြပြီး ဂျပန်ဆယ်လမွန် ငါးမွေးကန်များသည် ယခုနှစ်တွင် တန်ပေါင်း ၁၆၀၀ ထုတ်လုပ်ရာမှ နောင်နှစ်တွင် တန် ၃၀၀၀ ထုတ်လုပ်ရန် ရည်မှန်းထားပါသည်။

Okamura စားသောက်ကုန်လုပ်ငန်း ဥက္ကဌဖြစ်သူ Koichi Okamura က ငါးလုပ်ငန်းသည် ဂျပန်နိုင်ငံ တွင် ကျဆင်းနေသော်လည်း ကမ္ဘာနှင့်အဝှမ်းတိုးတက်​နေကြောင်း၊ မိမိတို့အနေဖြင့် ဂျပန်ငါးလုပ်ငန်း ပြန်လည်ရှင်သန်လာအောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှု၏ ၂၀% ကို အရှေ့တောင် အာရှနိုင်ငံများရှိ စားသောက်ဆိုင်များ၊ လက်လီဆိုင်များတွင် အဓိကရောင်းချရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့ပါသည်။

တိုကျိုတက္ကသိုလ်၊ အဏ္ဍဝါသိပ္ပံနှင့်နည်းပညာဌာနမှ ပါမောက္ခ Naotomo Nakahara က အရှေ့တောင်အာရှတွင် စီးပွားရေး တိုးတက်လာသည်နှင့်အမျှ ဂျပန်ငါးအစိမ်းများအပေါ် စားသုံးသူများ ပိုမိုကြိုက်နှစ်သက်လာပြီး ဝယ်လိုအားနှင့်ကွဲပြားသော လိုအင်များ တိုးတက်လာမည်ဖြစ်ကြောင်း ၊ အစားအသောက်များကို လတ်ဆတ်စေမည့် အအေးခန်းသယ်ယူပို့ဆောင်ရေးနည်းလမ်းများလည်း တိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

Source :       Nikkei Asia News Agency 

International Trade News

Pages