ရိုးမလီမိတက်သည် စင်ကာပူနိုင်ငံ၏ နည်းစနစ်များကိုအသုံးပြု၍ မြန်မာနိုင်ငံ၌ ရေသန့်စင်စက်ရုံတည်ဆောက်မည်

   ရိုးမဦးပိုင်ကုမ္ပဏီလီမိတက်သည် ရန်ကုန်မြို့ရှိ ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာတွင် သုံးစွဲရန်အတွက် စင်ကာပူနိုင်ငံအခြေစိုက် Hyflux ကုမ္ပဏီ၏ အဆင့်မြင့်နည်းပညာများကို အသုံးပြုလျက်ရေသန့်စင် စက်ရုံတစ်ခုကို မေလ ၁၈ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပါသည်။

   အဆိုပါ ရေသန့်စင်စက်ရုံ၌ Hyflux ကုမ္ပဏီကသာ တစ်ဦးတည်း မူပိုင်ဖြစ်သော Kristal ultrafiltration ခေါ် အဆင့်မြင့်စစ်ထုတ်မှုနည်းပညာနှင့် ရေငန်ကို ရေချိုအဖြစ် သန့်စင်သည့် Reverse osmosis နည်းပညာများကိုအသုံးပြုမည်ဖြစ်ကြောင်း၊ ဤစက်ရုံမှတစ်ရက်လျှင် ရေကုဗမီတာ ၁၀၀၀ကို သန့်စင်နိုင်စွမ်းရှိပြီးနေ့စဉ် သောက်သုံးရေ ၂၅၀၀ ကုဗမီတာကို စဉ်ဆက်မပြတ်ထောက်ပံ့ပေးနိုင်သည် အထိစက်စွမ်းအားတိုးချဲ့နိုင်ရန်ဒီဇိုင်းပုံ ထုတ်တည်ဆောက်ထားကြောင်း၊ အိမ်ခြံမြေတည်ဆောက်မှုလုပ်ငန်း တစ် ရပ်အနေဖြင့်မြန်မာနိုင်ငံ၌ ပထမဆုံးသော ကိုယ်ပိုင်ရေသန့်စင်မှုစနစ်ကိုဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယခု ရေသန့်စင်စက်ရုံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ ရေသန့်စင် မှုလမ်းညွှန်ချက်များအား အပြည့်အဝလိုက်နာဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာ၌ နေထိုင်သူများအတွက် နိုင်ငံတကာအဆင့်မီနေ ထိုင်မှုအဆင့်အတန်းရရှိစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းစသည်ဖြင့် ရိုးမဦးပိုင်လီမိတက်မှပြောကြားချက်အား စင်ကာပူသတင်းဌာနများမှ ရေးသားဖော်ပြပါသည်။

  Hyflux ကုမ္ပဏီသည် စင်ကာပူနိုင်ငံ၌ ရေငန်မှရေချိုသို့သန့်စင်မှု နှင့် ရေဆိုးပြန်လည် သန့်စင်မှုလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ ၂၀၁၃ ခုနှစ်အတွင်းဖွင့်လှစ်ခဲ့သည့် တစ်ရက်လျှင်ရေဂါလန်သန်း ၇၀ ထုတ်လုပ်နိုင်သော ရေငန်သန့်စင်စက်ရုံမှ သောက်သုံးရေများကို အစိုးရနှင့်နှစ်ရှည်စာချုပ်ချုပ်ဆို၍ ဖြန့်ဖြူးပေးလျက်ရှိကြောင်းသိရှိရပါသည်။

နေအေးလွင်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ စင်ကာပူမြို့