ဆေးလိပ်သောက်သုံးသည့်မိခင်များ၏ ကလေးငယ်များ ဘဝနှောင်းပိုင်းတွင် နှလုံးရောဂါပိုမိုဖြစ်ပွားနိုင်

   ဆေးလိပ်သောက်သုံးသည့်မိခင်များ၏သားသမီးများသည် ၎င်းတို့၏ဘဝနှောင်းပိုင်းတွင် နှလုံးရောဂါပိုမိုဖြစ်ပွားနိုင်ကြောင်းဖြင့် လေ့လာဆန်းစစ်ချက် တစ်ရပ်တွင် ဖော်ပြထား သည်။

   အဆိုပါကလေးငယ်များသည် ငယ်ရွယ်စဉ်မှ အသက်အရွယ်ကြီးရင့်သည်အထိ ဆေးလိပ်သောက်ခြင်းမပြုသော်လည်း ဆေးလိပ်သောက်သုံးသည့်မိခင်နှင့် ငယ်ရွယ်စဉ် အချိန်က အတူနေထိုင်ခဲ့သည့်အတွက် နှလုံးရောဂါဖြစ်ပွားနိုင်ခြေမှာ အခြားသာမန်ကလေးများထက် လေးဆခန့်ပိုမိုလာနိုင်ကြောင်းဖြင့် လေ့လာသူများကတွေ့ရှိထားကြသည်။

   ထို့ကြောင့် ဆေးလိပ်သောက်သုံးသည့်မိခင်များအနေဖြင့် မိမိသားသမီးများ၊ ကလေးငယ်များ၏ ရှေ့တွင် ဆေးလိပ်သောက်သုံးခြင်းမှ ရှောင်ကြဉ်ကြဖို့လိုကြောင်း၊ တစ်ဆင့် ခံဆေးလိပ်သောက်သုံးခြင်းကြောင့် နှလုံးရောဂါရသည့်သူများထက်ပင် ယင်းအချက်ကပိုမို ဖြစ်ပွားနေသည့်အတွက် ဆင်ခြင်ကြဖို့လိုကြောင်းဖြင့် အဆိုပါ လေ့လာချက် တွင် ဖော်ပြထားသည်။

   ဆေးလိပ်သောက်သည့်မိခင်နှင့်အတူနေထိုင်သည့်  ကလေးငယ်များတွင် နှလုံးသွေးကြောကျဉ်းသည့်ရောဂါကို ငယ်ရွယ်စဉ်ကပင်ခံစားရနိုင်ပြီး အသက် ကြီးလာသည့်အခါ တွင် သွေးထဲတွင် အောက်ဆီဂျင်ရရှိနိုင်မှုပမာဏနည်းပါးလာပြီး ဦးနှောက်၊ မျက်နှာတို့တွင်လည်း သွေးကြောများထုံးခြင်းစသည့်လက္ခဏာများဖြစ်ပွားလာနိုင်ကြောင်း၊ ယင်း အချက်သည် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပေါ်တတ်သည့်နှလုံးရောဂါထက်ပင် ပို၍ဆိုးရွားနိုင်ကြောင်းဖြင့် အဆိုပါလေ့လာချက်တွင် ဖော်ပြထားသည်။

  သုတေသီများသည် အဆိုပါရောဂါများခံစားနေရသည့် လူနာများကို လေ့လာခဲ့ရာတွင် လူနာစုစုပေါင်း၏ ၆၂ ရာခိုင်နှုန်းမှာ မိခင်တစ်ဦးတည်း က ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး ၄၃ ရာခိုင်နှုန်းမှာ မိခင်ရော  ဖခင်ပါ နှစ်ဦးစလုံး ဆေးလိပ်သောက်သုံးခြင်းကြောင့်ဖြစ်ရသည်ဟု လေ့လာတွေ့ရှိခဲ့ ရကြောင်းဖြင့်ဖော်ပြထားသည်။

မယ်သီတာ