ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ ရော်ဘာနှင့် ဆန်ရောင်းချမည့်အစီအစဉ်

   ထိုင်းနိုင်ငံနှင့်တရုတ်နိုင်ငံတို့ သည်  ဆန်တန်ချိန် ၂ သန်းနှင့်ရော်ဘာ တန်ချိန် ၂ သိန်းရောင်းဝယ်ရန်အတွက် စာချုပ်နှစ်စောင်ကိုလာမည့် မေလ ၈ ရက်နေ့တွင် ပေကျင်း၌ လက်မှတ်ရေးထိုးရန် မတ်လ ၁၂ ရက်က သဘောတူခဲ့ကြပါသည်။

   ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ၌လက်မှတ်ရေးထိုးခဲ့သော ဆန်တန်ချိန် ၂ သန်းရောင်းဝယ်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့်ပတ်သက်၍ ဆောင်ရွက်မှုကို လေ့လာသုံးသပ်ရန် ထိုင်း-တရုတ်အစည်းအဝေးကို ဗန်ကောက်မြို့၌ နှစ်ရက်ကြာကျင်းပခဲ့ပါသည်။ အစည်းအဝေးအပြီးတွင် ဆန်ကို FOB ဈေးနှုန်းဖြင့်ရောင်းဝယ်ရန်သဘောတူခဲ့ကြကြောင်း၊ တရုတ်နိုင်ငံဘက်မှ သင်္ဘောတင်အစီအစဉ်နှင့်တင်ပို့မည့် ပမာဏဆုံးဖြတ်ရန်အတွက် တာဝန်ရှိမည်ဖြစ်ကြောင်း၊ စာချုပ်တွင် ဖော်ပြထားသည့်အတိုင်း အရည်အသွေး စံချိန် စံညွှန်းများနှင့် ကိုက်ညီခြင်းရှိ/မရှိ စစ်ဆေးရန် အတွက် ပုဂ္ဂလိက(သီးခြား) စစ်ဆေးသူငှားရမ်းခွင့်ရှိကြောင်း၊ ကုန်တင်ပို့မှုကို ဇူလိုင်လတွင်စတင်မည်ဟု ခန့်မှန်းထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီးမှ ပြောကြားခဲ့ပါသည်။

   ဆန်နှင့်ရော်ဘာများကို ယခုနှစ်နှင့် လာမည့်နှစ်အတွင်းတင်ပို့မည်ဖြစ်ပါသည်။ ဆန်အရောင်းအဝယ်စာချုပ်ကို တရုတ်အမျိုးသားနှံစားသီးနှံ၊ စားဆီနှင့် စားသောက်ကုန်ကော် ပိုရေးရှင်း (China National Cereals, Oils and Foodstuffs Corporation) နှင့်ချုပ်ဆိုမည်ဖြစ်ပါသည်။ ထိုင်းနိုင်ငံအစိုးရအနေဖြင့် ရော်ဘာအရောင်းအဝယ်အတွက် တရုတ်နိုင်ငံမှ အစိုးရပိုင် Sinochem နှင့် လက်မှတ်ရေးထိုးရန် Rubber Estate Orgnization အား တာဝန်ပေးအပ်ထားကြောင်းသိရှိရပါသည်။

ရီရီမွန်၊ စီးပွားရေးသံမှူး၊

မြန်မာသံရုံး၊ ဗန်ကောက်မြို့