မြန်မာနိုင်ငံအားဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ မိတ်ဖက်နိုင်ငံအဖြစ် လူဇင်ဘတ်နိုင်ငံလျာထား

    မြန်မာနိုင်ငံတွင် လူဇင်ဘတ်နိုင်ငံ၏ ပထမဦးဆုံးဖွံ့ဖြိုးတိုးတက်မှုပူးပေါင်း ဆောင်ရွက်ရေးအစီအစဉ်မှာ ခရီးသွားလုပ်ငန်းဆိုင်ရာ သက်မွေးမှုသင်တန်းပေးခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်နှစ်ဝက်ကာလကတည်းက စတင်ဆောင်ရွက်လျက်ရှိကာ ဘတ်ဂျက်လျာထားချက်မှာ ယူရို ၅ သန်းဖြစ်ပါသည်။ ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဒုတိယ အစီအစဉ်မှာ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကူညီထောက်ပံ့မှုများပေးရန်ဖြစ်ပြီး အကောင်အထည်ဖော်နိုင်ရေးအတွက် ပြင် ဆင်ဆောင်ရွက်လျက်ရှိပါသည်။ ATTF Luxembourg သည် မြန်မာနိုင်ငံဘဏ်အသင်းနှင့်ပူးပေါင်းလျက် ပထမဦးဆုံးဆွေးနွေးပွဲအား မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၂၃ ရက်မှ ၂၇ ရက် အထိ ငါးရက်တာပြု လုပ်ကျင်းပနိုင်ခဲ့ပါသည်။

  လူဇင်ဘတ်နိုင်ငံ၏ မိတ်ဖက်နိုင်ငံများရွေးချယ်မှုသည် ကမ္ဘာ့ကုလသမဂ္ဂ၏ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာညွှန်းကိန်း (Human Development Index - HDI) ပေါ်တွင် အဓိကအခြေခံပါသည်။ ယခုအခါ HDI အဆင့်ပိုမိုမြင့်မားလာသည့် အာရှနိုင်ငံတစ်နိုင်ငံဖြစ်သော ဗီယက်နမ်နိုင်ငံမှ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကူအညီများကို တဖြည်းဖြည်းချင်း ပြန်လည်ရုပ်သိမ်းရန် လူဇင်ဘတ်နိုင်ငံကဆောင်ရွက်လျက်ရှိပါသည်။ ဗီယက်နမ်နိုင်ငံအစား မြန်မာနိုင်ငံအားဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ မိတ်ဖက်နိုင်ငံအဖြစ်ရွေးချယ်ရန် လျာထားသည့်အလားအလာများရှိနေပါသည်။

ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့