ထရမ့်-ရှီတွေ့ဆုံပွဲအပြီး ပဲပုပ်နှင့် မြေရှားသတ္တု အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း အမေရိကန်က ပြောကြားခဲ့ပြီး တရုတ်ဘက်ကမူ အကောက်ခွန်လျှော့ချရေးကို ပြောကြား

 

ပြီးခဲ့သည့်သီတင်းပတ်က နှစ်နိုင်ငံထိပ်သီးအစည်းအဝေး ကျင်းပအပြီး တရုတ်သည် အမေရိကန်ထံမှ ပဲပုပ်အပါအဝင် လယ်ယာထွက်ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၇ သန်းခန့်ကို ၂၀၂၈ ခုနှစ်အထိ နှစ်စဉ်ဝယ်ယူရန်နှင့် အမေရိကန်သည် တရုတ်ထံမှ မြေရှားသတ္တုဝယ်ယူနိုင်ရန် သဘောတူညီခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်း နှစ်နိုင်ငံသဘောတူညီခဲ့မှုများထက် သာလွန်သော ရလဒ်များဖြစ်ကြောင်း အိမ်ဖြူတော်မှ ထုတ်ပြန်ကြေညာခဲ့သည်။ သို့သော် အဆိုပါထုတ်ပြန်ချက်တွင် ဝယ်ယူမည့်ပမာဏ အတိအကျကို ဖော်ပြထားခြင်းမရှိဘဲ တရုတ်အနေဖြင့် အမေရိကန် မှ အမဲသားနှင့် ကြက်သား၊ ဘဲသားများ တင်သွင်းမှုကို ထပ်မံခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဖော်ပြထားသည်။ 

တရုတ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း ဝယ်ယူမည့် ပမာဏ သို့မဟုတ် 'ပဲပုပ်စေ့' ဟူသည့် အသုံးအနှုန်းကို အတိအကျဖော်ပြခြင်းမရှိဘဲ၊ နှစ်နိုင်ငံစလုံးက စိုက်ပျိုးရေး ကုန်သွယ်မှုမြှင့်တင်ရန် သဘောတူညီခဲ့ကြောင်းသာ မှတ်ချက်ပြုခဲ့ပါသည်။ အလားတူ မြေရှားသတ္တုကိစ္စကိုလည်း ထည့်သွင်းဖော်ပြထားခြင်းမရှိပေ။ ပေကျင်းသည် စမတ်ဖုန်း၊ မော်တော်ကားနှင့် လက်နက်များထုတ်လုပ်ရာတွင် အရေးပါသည့် သတ္တုတွင်းထွက်များ၏ ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းကို ထိန်းချုပ်ထားပါသည်။

Bespoke Group ၏ မဟာဗျူဟာမြောက် မိတ်ဖက်နှင့် ပထဝီနိုင်ငံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဂျေကော့ဘ်ရှာပီရိုက ယခုထိပ်သီး အစည်းအဝေးသည် မျှော်လင့်ထားသလောက် အားရစရာမရှိသော်လည်း ထရမ့်သမ္မတအဖြစ် ရှိနေသရွေ့ အမေရိကန် - တရုတ် ဆက်ဆံရေးမှာ တဖြည်းဖြည်းချင်း တိုးတက်လာနိုင်ကြောင်း၊ ထရမ့်ထက်ပို၍ အမေရိကန် - တရုတ်ဆက်ဆံရေးကို စိတ်ဝင်စားသူ မရှိကြောင်း၊ တရုတ်အနေဖြင့် လာမည့်နှစ်များအတွင်း အခြေအနေကောင်းစေရန် ပြောသင့်ပြောထိုက်သည်များကို ပြောဆိုသင့်ကြောင်း၊ တစ်ချိန်တည်းမှာပင် တရုတ်အပေါ် သဘောထားတင်းမာနိုင်သည့် အမေရိကန်သမ္မတသစ် တက်လာပါက ပြင်ဆင်ထားသင့်ကြောင်း ပြောကြားခဲ့ပါသည်။

အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံစလုံး၏ ထုတ်ပြန်ချက်များတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဘုတ်အဖွဲ့များ ဖွဲ့စည်းကာ နှစ်နိုင်ငံညှိနှိုင်းမှုများ လွယ်ကူအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားပြီး တရုတ်က အဆိုပါအစီအစဉ်များတွင် အကောက်ခွန်နှုန်းထားများ လျှော့ချရေးပါဝင်လိမ့်မည်ဟု ပြောကြားခဲ့သော်လည်း အမေရိကန်ဘက်ကမူ အကောက်ခွန် ကိစ္စရပ်များကို ထည့်သွင်းပြောဆိုခြင်းမရှိပေ။

အမေရိကန်က တရုတ်သည် ဘိုးအင်းလေယာဉ် အစီးရေ ၂၀၀ ဝယ်ယူရန် စီစဉ်ထားကြောင်း အတိအကျ ပြောသော်လည်း တရုတ်ကမူ လေယာဉ်ဝယ်ယူရေး သဘောတူညီချက်ကို ယေဘုယျ ဖော်ပြခဲ့ကာ အမေရိကန်အနေဖြင့် လေယာဉ်အင်ဂျင်များနှင့် အခြားအစိတ်အပိုင်းများ ရောင်းချမည်ဟု ပြောကြားထားသည်။ တရုတ်နိုင်ငံသည် ကိုယ်ပိုင်ခရီးသည် တင်လေယာဉ်ကို တီထွင်ထုတ်လုပ်ထားသော်လည်း ပြည်ပမှ လေယာဉ်အစိတ်အပိုင်း တင်သွင်းမှုများအပေါ်တွင် မှီခိုနေရဆဲ ဖြစ်သည်ဟု CNBC သတင်းဌာနက ဖော်ပြထားပါသည်။

ရင်းမြစ် - CNBC