ကမ္ဘာ့ဝယ်လိုအားမြင့်တက်လာမှုကြောင့် ဗီယက်နမ်၊ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်တင်ပို့မှု တိုးတက်
ဗီယက်နမ်၊ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက် တင်ပို့မှုသည် ယခုနှစ်အစပိုင်းတွင် အရှိန်အဟုန်ဖြင့် စတင်နိုင်ခဲ့ကြောင်း၊ ပိုမိုတင်းကျပ်သော နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီလာမှုက ထုတ်လုပ်သူများအတွက် ကမ္ဘာ့ဈေးကွက်၏ ခိုင်မာသော ဝယ်လိုအားကိုရယူနိုင်ခဲ့ကြောင်း ဗီယက်နမ်၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အသင်းမှ သိရှိရပါသည်။
ဧပြီလတွင် သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက် ပို့ကုန်ဝင်ငွေအမေရိကန်ဒေါ်လာ ၅၃၂ သန်းနီးပါးရရှိခဲ့ပြီး ယခုနှစ် ပထမလေးလ၏ စုစုပေါင်းပို့ကုန်တန်ဖိုးကို ၂.၀၆ ဘီလီယံအထိ ရောက်ရှိစေကာ ယမန်နှစ် အလားတူကာလထက် ၂၂ % မြင့်တက်လာခဲ့ကြောင်း ဗီယက်နမ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အသင်း၏ အစီရင်ခံစာအရ သိရှိရပါသည်။
အဓိကပို့ကုန်များတွင် ဒူးရင်းသီး၊ ပိန္နဲသီး၊ အုန်းသီး၊ ပင်မှည့်သီး (Passion fruit)၊ ကျွဲကောသီးနှင့် ကြက်မောက်သီး (Longan) တို့ ပါဝင်ပါသည်။ တရုတ်သည် ဗီယက်နမ်၏ အကြီးမားဆုံးသော ဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေပြီး စုစုပေါင်းပို့ကုန်တန်ဖိုး၏ ထက်ဝက်ကျော်ကို လွှမ်းမိုးထားကာ ၎င်း၏နောက်တွင် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့က အစဉ်လိုက် ရပ်တည်နေကြပါသည်။
၂၀၂၆ ခုနှစ်၏ ပထမသုံးလပတ်တွင် ဗီယက်နမ်သို့ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်သွင်းမှုသည်လည်း ယခင်နှစ် အလားတူကာလထက် ၂၅.၇ % မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၆၁.၄ သန်းခန့် ရှိခဲ့ပါသည်။ သို့သော် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၉၉၈ သန်းနီးပါး ရှိခဲ့ကြောင်း တွေ့ရှိရပါသည်။
နှစ်ဦးပိုင်း ရောင်းအားကောင်းခဲ့မှုကြောင့် ယခုနှစ် ပို့ကုန်တန်ဖိုး ရည်မှန်းချက် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံမှာ ရရှိနိုင်ကြောင်း၊ ဒုတိယသုံးလပတ်တွင်လည်း လိုင်ချီး၊ သရက်သီးနှင့် ဒူးရင်းသီးကဲ့သို့ အဓိကသစ်သီးများ အများဆုံးထွက်ရှိမည်ဖြစ်၍ အလားအလာ ကောင်းမွန်နေဆဲဖြစ် ကြောင်း၊ အေးခဲသစ်သီးနှင့် အုန်းသီးစိမ်းများအတွက် ပို့ကုန်ဆိုင်ရာလုပ်ထုံးလုပ်နည်းအသစ်များကလည်း နောက်ထပ်ပို့ကုန်တိုးတက်မှုများအတွက် အထောက်အကူပြုမည်ဟု မျှော်လင့်ရကြောင်း ဖော်ပြထားပါသည်။
အသင်း၏ အထွေထွေအတွင်းရေးမှူး Dang Phuc Nguyen က ထုတ်လုပ်မှုကဏ္ဍခေတ်မီရန်နှင့် ဈေးကွက်၏ တင်းကျပ်သော စည်းမျဉ်းများနှင့် ကိုက်ညီစေရန် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အဆင့်မြင့် စိုက်ပျိုးရေးနှင့် ရိတ်သိမ်းချိန်လွန်လုပ်ငန်းစဉ်များကို ဆောင်ရွက်သင့်ကြောင်း၊ ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုကောင်းမွန်လာစေရန်အတွက် စိုက်ပျိုးမြေများကိုဒစ်ဂျစ်တယ်စနစ်ဖြင့် မှတ်တမ်းတင်ခြင်း၊ သိုလှောင်ထိန်းသိမ်းမှုနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းစဉ်များကို မြှင့်တင်ခြင်းတို့ ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။
လယ်ယာစိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက တရုတ်နိုင်ငံသို့ ပုံမှန်တင်ပို့နိုင်ရန်နှင့် အခြားဈေးကွက်သစ်များသို့ တိုးချဲ့နိုင်ရန် စိုက်ပျိုးမြေများအား စံချိန်စံညွှန်း သတ်မှတ်ခြင်း၊ စည်းမျဉ်းများနှင့်အညီ ထုပ်ပိုးရန် စက်ရုံ/အလုပ်ရုံများကို ပိုမိုတင်းကျပ်စွာကွပ်ကဲခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ်က ဗီယက်နမ်၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ပို့ကုန်တင်ပို့မှုမှာအမေရိကန်ဒေါ်လာ ၈.၅ ဘီလီယံအထိ ရှိခဲ့ကြောင်း သိရှိရပါသည်။
