ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှု ပပျောက်ရေး ဆန်ထောက်ပံ့နိုင်ရန်၊ အိန္ဒိယစားသောက်ကုန် ကော်ပိုရေးရှင်း (FCI) နှင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) တို့အကြား နားလည်မှုစာချွန်လွှာ (MOU) လက်မှတ် ရေးထိုး

 

အိန္ဒိယစားသောက်ကုန်ကော်ပိုရေးရှင်း (FCI) နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့သည် ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှုပပျောက်ရေးအတွက် ဆန်ထောက်ပံ့ရန် နားလည်မှုစာချုပ် (MOU) ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ အဆိုပါ (MOU) အရ FCI သည် WFP ထံသို့ ၂၅ % ဆန်ကွဲအပါအဝင် ဆန်တန်ချိန် ၂သိန်း ရောင်းချရမည်ဖြစ်ပြီး၊ MOU သက်တမ်းသည် ၅ နှစ်ဖြစ်ကာ နှစ်ဖက်သဘောတူညီချက်ဖြင့် သက်တမ်းတိုးနိုင်ကြောင်း၊ ဆန်ဈေးနှုန်းကို နှစ်ဖက်သဘောတူညီချက်ဖြင့် နှစ်စဉ် သတ်မှတ်မည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ လက်ရှိဈေးနှုန်းမှာ ၀.၁ တန်လျှင် ရူပီး ၂,၈၀၀ ဖြစ်ကြောင်း အိန္ဒိယသတင်းစာ The Economic Times က ဖော်ပြထားသည်။ 

အိန္ဒိယစားသောက်ကုန်ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် Sanjeev Chopra က ယခုသဘောတူညီချက်မှတစ်ဆင့် အာဟာရချို့တဲ့မှုနှင့် အစားအသောက်မလုံလောက်မှုကို တိုက်ဖျက်ရေးအတွက် နိုင်ငံတကာ၏ဆောင်ရွက်မှုတွင် အိန္ဒိယ၏ရပ်တည်ချက်ကို ပြသခဲ့ကြောင်း ပြောကြားခဲ့ပြီး၊ WFP ၏ ဒုတိယအမှုဆောင်ဒါရိုက်တာ Carl Skauကလည်း ယခုသဘောတူညီချက်သည် ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှုကို တိုက်ဖျက်ရေးအတွက် အိန္ဒိယ၏ အရေးပါသော မှတ်တမ်းတစ်ခုဖြစ်ကြောင်း၊ နောင် ၅ နှစ်အတွင်း အာဟာရပြည့်ဝသည့် အစားအသောက်များ ပိုမိုထိရောက်စွာ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယစားသောက်ကုန်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်လည်း ဤပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘာ့စားသောက်ကုန်ဖူလုံရေး၊ လူသားချင်းစာနာထောက်ထားရေးအတွက် WFP နှင့် ပူးပေါင်း ဆောင်ရွက်ရေးတို့တွင် အိန္ဒိယနိုင်ငံ၏ ကတိကဝတ်ကို ပိုမိုခိုင်မာစေကြောင်း ဖော်ပြထားသည်။

ရင်းမြစ်။        The Economic Times