ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့်မှ လွတ်မြောက်မှု (LDC Graduation) လုပ်ငန်းစဉ်ကို ရွှေ့ဆိုင်းရန် ဆောင်ရွက်နေသော ဘင်္ဂလားဒေ့ရှ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Khandaker Abdul Muktadir ၏ အဆိုအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ယခုနှစ်ကုန်ပိုင်းတွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) အဆင့်မှ လွတ်မြောက်မည့် အချိန်ဇယားအား ရွှေ့ဆိုင်းရန် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ စီးပွား/ကူးသန်းဝန်ကြီးဌာနနှင့် စီးပွားရေးဆက်သွယ်ရေးဌာန (ERD) တို့က လိုအပ်သည့် ချိတ်ဆက် ဆောင်ရွက်မှုများနှင့် လုပ်ထုံးလုပ်နည်းများကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တိုက်တွန်းမှုကြောင့် အစိုးရသစ်အနေဖြင့် လျင်မြန်စွာဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အစိုးရသစ် တာဝန်ယူသည့် ပထမသီတင်းပတ်အတွင်း တရားဝင်စာဖြင့် အကြောင်းကြားရန် ကတိကဝတ်မရှိသော်လည်း ဖေဖော်ဝါရီလ ၁၁ ရက်မှ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဝန်ကြီးက နိုင်ငံ၏ ပို့ကုန်ဝင်ငွေ ၈၅ % ခန့်သည် အထည်ချုပ်ကဏ္ဍမှဖြစ်ပြီး၊ ယင်းသို့ အထည်ချုပ်လုပ်ငန်းအပေါ် များစွာမှီခိုနေရခြင်းကြောင့် ပို့ကုန်တိုးတက်မှု နှေးကွေးစေခဲ့ကြောင်း၊ ပို့ကုန်အမယ်များကို တိုးချဲ့ရန်ပုဂ္ဂလိကကဏ္ဍနှင့် ဈေးကွက်အသစ်များ ဖော်ဆောင်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုများကို အစိုးရက ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း၊ သို့သော် မသေချာမရေရာမှုများက ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများတွင် အဟန့်အတားဖြစ်စေကြောင်း၊ နှစ်စဉ် လူဦးရေ သိန်း ၂၀ မှ ၂၂ သိန်းခန့်သည် အလုပ်သမားဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိရာ ပြီးခဲ့သည့် ၂ နှစ်၊ ၃ နှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုအားနည်းခဲ့ခြင်းသည် အလုပ်အကိုင်ရရှိမှုနှင့် စီးပွားရေးအခြေအနေကို ပိုမိုဆိုးရွားစေခဲ့ကြောင်း၊ အဆိုပါအခြေအနေကို လျင်မြန်စွာ မပြောင်းလဲပါက အလုပ်အကိုင်အခွင့်အလမ်းများနှင့် စီးပွားရေးတိုးတက်မှုအပေါ် စိန်ခေါ်မှုများရှိနိုင်ကြောင်း ပြောကြားခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် သတင်းစာ The Daily Star တွင် ဖော်ပြထားပါသည်။
ရင်းမြစ်။ https://www.thedailystar.net
