ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ ငါးလုပ်ငန်း အထောက်အပံ့ဆိုင်ရာ သဘောတူစာချုပ် စတင်အသက်ဝင်
စက်တင်ဘာလ ၁၅ ရက်နေ့က ကျင်းပခဲ့သော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အထွေထွေကောင်စီ အထူးအစည်းအဝေးတွင် ငါးလုပ်ငန်း အထောက်အပံ့ဆိုင်ရာ သဘောတူညီချက် စတင်အသက်ဝင်ခြင်း အခမ်းအနား ကျင်းပခဲ့ပါသည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် Ngozi Okonjo-Iweala က အဆိုပါ သဘောတူညီချက်ကို "ကမ္ဘာ့ကုန်သွယ်ရေး စီမံခန့်ခွဲမှုအတွက် မှတ်တိုင်တစ်ခု" ဟု ဂုဏ်ပြုခေါ်ဆိုခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ ငါးဖမ်းလုပ်သားများ၏ အသက်မွေးဝမ်းကြောင်းကို ကာကွယ်ပေးခြင်းအတွက် အဖွဲ့ဝင်များကို ကျေးဇူးတင်ကြောင်း၊ လူသားများနှင့်ကမ္ဘာမြေကြီးအတွက် ကုန်သွယ်မှု၏ ဝန်ဆောင်မှုပေးနိုင်ခြင်းကို ဖော်ပြခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါ အစည်းအဝေး၌ ဘရာဇီး၊ ကင်ညာ၊ ဗီယက်နမ်နှင့် တွန်ဂါနိုင်ငံများကလည်း သဘောတူညီချက်ကို လက်ခံကြောင်း အသိပေးစာများ ပေးအပ်ခဲ့ပြီး စာချုပ်စတင်အသက်ဝင်ရန် လိုအပ်သည့် အဖွဲ့ဝင်နိုင်ငံ စုစုပေါင်း၏ သုံးပုံနှစ်ပုံကျော် သတ်မှတ်ချက်ကို ကျော်လွန်သွားခဲ့ပါသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်က နိုင်ငံတကာကုန်သွယ်မှု၌ ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရချိန်တွင် ယခုသဘောတူညီချက်သည် အဖွဲ့ဝင်များ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ကမ္ဘာ့စိန်ခေါ်မှုများကို တာဝန်ယူမှုဖြင့် အဖြေထုတ်ပြလိုက်ခြင်းဖြစ်ကြောင်း၊ စိန်ခေါ်မှုများကို နိုင်ငံစုံအဆင့်တွင် ပိုမိုထိရောက်စွာ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများနှင့်နိုင်ငံများအတွက် လက်တွေ့ကျသည့် ရလဒ်များကို ပေးနိုင်သော နိုင်ငံစုံစနစ် လိုအပ်နေကြောင်း၊ ကျန်အဖွဲ့ဝင်များလည်း ၂၀၂၆ ခုနှစ်၊ မတ်လ၌ ကျင်းပမည့် ၁၄ ကြိမ်မြောက် ဝန်ကြီးအဆင့်ညီလာခံတွင် သဘောတူညီချက်ကို လက်ခံပြီး စုပေါင်း အောင်မြင်မှုကို အတူတကွ ဂုဏ်ပြုနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ညွှန်ကြားရေးမှူးချုပ်က သဘောတူညီချက် စတင်အသက်ဝင်ကြောင်း တရားဝင်အသိပေးစာကို လက်မှတ်ရေးထိုးပြီး အထွေထွေကောင်စီ ဥက္ကဋ္ဌဖြစ်သူ ဆော်ဒီအာရေးဘီးယားသံအမတ်ကြီး Saqer Abdullah Almoqbel ထံ လွှဲပြောင်းပေးအပ်ကာ WTO ၏ ဥပဒေမူဘောင်အတွင်းသို့ တရားဝင် ထည့်သွင်းခဲ့ပါသည်။
သံအမတ်ကြီး Almoqbel က ယခုသဘောတူညီချက်သည် ကမ္ဘာ့ငါးလုပ်ငန်း ရေရှည်တည်တံ့ရေးအတွက် ပူးပေါင်းမျှော်မှန်းချက်ဖြစ်ကြောင်း၊ ဂျီနီဗာမှာရှိသည့် သံအမတ်ကြီးများနှင့် ကိုယ်စားလှယ်များ သာမကဘဲ ဌာနချုပ်၏ နိုင်ငံရေးအရ လိုလားမှုများနှင့် ပူးပေါင်းမှုလည်း ပါဝင်ကြောင်း၊ မာလီနှင့် အိုမန်နိုင်ငံတို့လည်း သဘောတူညီချက်ကို အတည်ပြုပြီးဖြစ်ကြောင်းနှင့် မကြာမီလက်ခံသည့် အကြောင်း ကြားစာ ပေးပို့မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဝင်နိုင်ငံများက ယခုသဘောတူညီချက်ကို အဓိကမှတ်တိုင်တစ်ခုအဖြစ် ဂုဏ်ပြုချီးကျူးခဲ့ကြပြီး စတင်အကောင်အထည်ဖော်ရန်၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စွမ်းရည်မြှင့်တင်ရေးအတွက် ပံ့ပိုးကူညီမှုများ ပေးအပ်ရန် ကတိပြုခဲ့ကြပါသည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres ကိုယ်စား UNCTAD အတွင်းရေးမှူးချုပ် Rebeca Grynspan နှင့် ပြင်သစ်သမ္မတ Emmanuel Macron ကိုယ်စား သံအမတ် Olivier Poivre d'Arvorတို့က ဂုဏ်ပြု သဝဏ်လွှာများ ပေးပို့ခဲ့ကြပြီး ဘာဘေးဒိုးစ်ဝန်ကြီးချုပ် Mia Mottley၊ ကာဗိုဘဒ် ဝန်ကြီးချုပ် Ulisses Correia e Silva၊ ချီလီသမ္မတ Gabriel Boric၊ အိုက်စလန်ဝန်ကြီးချုပ် Kristrún Frostadóttir၊ မလေးရှားဝန်ကြီးချုပ် Anwar bin Ibrahim၊ ဆွစ်ဇာလန်ဒုတိယသမ္မတ Guy Parmelin၊ ဖီဂျီဒုတိယ ဝန်ကြီးချုပ် Manoa Kamikamica နှင့် ကုလသမဂ္ဂ သမုဒ္ဒရာဆိုင်ရာ အထူးသံတမန် Peter Thomson တို့က ဗီဒီယိုသဝဏ်လွှာများ ပေးပို့ခဲ့ကြပါသည်။
၁၉၇၄ ခုနှစ်က ကမ္ဘာ့ငါးသယံဇာတ၏ ၁၀ % သာ ဖမ်းဆီးခဲ့သော်လည်း ၂၀၂၁ ခုနှစ်တွင် ၃၅.၅ % ရှိသဖြင့် ငါးအလွန်အကျွံ ဖမ်းဆီးသည်ဟု သုံးသပ်ထားပြီး ကမ္ဘာတစ်ဝန်း ကမ်းဝေးငါးဖမ်းခြင်းအတွက် နှစ်စဉ် ထောက်ပံ့ကြေး အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံရှိကာ ဒေါ်လာ ၂၂ ဘီလီယံခန့်မှာ ပင်လယ်ငါးမျိုးစိတ်များ လျော့နည်းသွားစေသည့် အန္တရာယ်ရှိသော ထောက်ပံ့ကြေးများ ဖြစ်ပါသည်။
သဘောတူညီချက် အကောင်အထည်ဖော်ခြင်း
သဘောတူညီချက်ပါ ကတိကဝတ်အသစ်များကို အကောင်အထည်ဖော်ရာတွင် ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများအတွက် လိုအပ်သော နည်းပညာအကူအညီများနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး ဝန်ဆောင်မှုများ ပေးအပ်ရန်အတွက် WTO ငါးလုပ်ငန်းရန်ပုံငွေကို ထူထောင်ခဲ့ပါသည်။ အဖွဲ့ဝင် ၁၇ နိုင်ငံက အမေရိကန်ဒေါ်လာ ၁၈ သန်းကျော်နှင့် ညီမျှသော ငွေကြေးပမာဏကို ထည့်ဝင်ရန် ကတိပြု ထားပြီး သဘောတူညီချက်ကို အကောင်အထည်ဖော်မည့် စီမံကိန်းအထောက်အပံ့များအတွက် ပထမဆုံး အဆိုပြုလွှာခေါ်ယူမှုကို ဇွန်လအစောပိုင်းက စတင်ခဲ့ပါသည်။
သဘောတူညီချက် အကောင်အထည်ဖော်မှုကို ကြီးကြပ်နိုင်ရန်အတွက် ငါးလုပ်ငန်းအထောက်အပံ့ ကော်မတီကို ဖွဲ့စည်းမည်ဖြစ်ပြီး အဖွဲ့ဝင်များ၏ ငါးဖမ်းခြင်းလုပ်ငန်းစဉ်များနှင့် ထောက်ပံ့ကြေးများ အပေါ် ပုံမှန်ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကာ အစိုးရများ၏ လုပ်ငန်းစဉ်များ၌ ပွင့်လင်းမြင်သာမှုကို မြှင့်တင်ပေးမည်ဖြစ်ပါသည်။
ရင်းမြစ်။ https://www.wto.org/english/news_e/news25_e/fish_15sep25_e.htm