နောင်လာမည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ညှိနှိုင်းမှုများတွင် တရုတ်နိုင်ငံအနေဖြင့် အထူးနှင့် သီးခြားအခွင့်အရေးကို ရယူတော့မည်မဟုတ်
တရုတ်သတင်းစာ ဆင်ဟွာနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်တို့အား ကိုးကား၍ တရုတ်နိုင်ငံသည် နောင်ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ညှိနှိုင်းမှုများတွင် ၎င်း၏ ဖွံ့ဖြိုးဆဲနိုင်ငံ အဆင့်အတန်းမှ ရရှိသည့်အကျိုးကျေးဇူးများကို တောင်းခံမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းက ဖော်ပြထားပါသည်။
အဆိုပါသတင်းကို တရုတ်ဝန်ကြီးချုပ် Li Qiang က နယူးယောက်၌ ကျင်းပနေသည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆက်စပ်အစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် Ngozi Okonjo-Iweala က ယခုကိစ္စသည် နှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်မှု၏ အထွတ်အထိပ်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ဦးဆောင်မှုကို ချီးကျူးကြောင်း တွစ်တာတွင် ဖော်ပြခဲ့သည်။
အမေရိကန်က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ပြုပြင်ပြောင်းလဲမှုတွင် တရုတ်နှင့် ဆော်ဒီအာရေဗျ အပါအဝင် စီးပွားရေးအင်အားကြီးနိုင်ငံအချို့က ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပေးအပ်ထားသော အထူးနှင့် သီးခြားအခွင့်အရေး (SDT) ကို မစွန့်လွှတ်သရွေ့ အဓိပ္ပာယ်မရှိဟု တောက်လျှောက် ဆွေးနွေးနေပြီး တရုတ်အား အဆိုပါအခွင့်အရေးကို လုံးဝစွန့်လွှတ်ရန် ဆန္ဒရှိခဲ့သည်။
အမေရိကန်၏ အကောက်ခွန်အသစ်များနှင့် ယင်းအပေါ် တရုတ်၏ လက်တုံ့ပြန် ဆောင်ရွက်မှုများကြောင့် လအတန်ကြာ ကုန်သွယ်ရေးတင်းမာမှုအပြီး တရုတ်က ယခုလို ကြေညာခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် မူလက ၎င်း၏ဖွံ့ဖြိုးဆဲနိုင်ငံအဆင့်အတန်းကို ညှိနှိုင်းခွင့်မပေးဟု Reuters ကို ပြောကြားခဲ့သော်လည်း ၂၀၂၆ ခုနှစ်၌ ကင်မရွန်းတွင်ကျင်းပမည့် ၁၄ ကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေးမတိုင်မီ အထူးနှင့်သီးခြားအခွင့်အရေး (SDT) ၊ ထောက်ပံ့မှု (subsidies) နှင့် စက်မှုမူဝါဒ (industrial policies) တို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရပါသည်။
ရင်းမြစ်။ https://www.reuters.com/