သံမဏိနှင့် အလူမီနီယမ်ထုတ်ကုန်များအပေါ် ထပ်တိုးအခွန်နှင့် ကိုတာစနစ်ချမှတ်မှု ကျင့်သုံးနေသည့် ကနေဒါနိုင်ငံကို တရုတ်နိုင်ငံက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၌ တရားစတင်စွဲဆို
ကနေဒါနိုင်ငံ၏ လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်၌ ပါဝင်ခြင်းမရှိသော မိတ်ဖက်နိုင်ငံများ (တရုတ်နိုင်ငံအပါအဝင်) မှ သံမဏိထုတ်ကုန်အချို့ကို ကနေဒါနိုင်ငံသို့ တင်သွင်းခြင်းအပေါ် အကောက်ခွန်နှုန်းထားများနှင့် ထပ်တိုးအခွန်များ စည်းကြပ်ချမှတ် ဆောင်ရွက်မှုများနှင့် ပတ်သက်၍ တရုတ်နိုင်ငံက ကနေဒါနိုင်ငံကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ၏ အငြင်းပွားမှုဖြေရှင်းရေးစနစ်အရ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့ပါသည်။ ထို့အပြင် တရုတ်နိုင်ငံမှ ထုတ်လုပ်သော သံမဏိ (သို့) အလူမီနီယမ်နှင့် အလူမီနီယမ်ထုတ်ကုန်အချို့အပေါ်တွင်လည်း ထပ်တိုးအခွန်များ စည်းကြပ်ခဲ့မှုနှင့်စပ်လျဉ်း၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အငြင်းပွားမှုအဖြစ် စတင်တရားစွဲဆိုလိုက်ပြီး ယင်းတောင်းဆိုချက်ကို ဩဂုတ်လ ၂၀ ရက်နေ့တွင် ကျန်အဖွဲ့ဝင်နိုင်ငံများထံသို့ WTO WT/DS641/1 ဖြင့် အသိပေးအကြောင်းကြားလိုက်ပြီဖြစ်ပါသည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အငြင်းပွားမှုဖြေရှင်းရေးစနစ်အရ ညှိနှိုင်းဆွေးနွေးမှုကို ဦးစွာစတင်ရန်လိုအပ်ပြီး ရက်ပေါင်း ၆၀ ညှိနှိုင်းမှုအတွင်း နှစ်ဖက်ကျေနပ်လောက်သောအဖြေမရမှသာ တိုင်ကြားသူက ခုံအဖွဲ့တစ်ခုမှ စီရင်ဆုံးဖြတ်ရန် တောင်းဆိုကာ တရားစွဲဆိုခြင်းကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါသည်။
ရင်းမြစ်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့