ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ငါးလုပ်ငန်းအပေါ် အထောက်အပံ့ပေးမှုဆိုင်ရာ သဘောတူညီချက်ကို လက်ခံသည့် ၁၀၃ ကြိမ်မြောက်နိုင်ငံဖြစ်လာသော ဂါနာ
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ငါးလုပ်ငန်းအပေါ် အထောက်အပံ့ပေးမှုဆိုင်ရာ သဘောတူညီချက်အား ဂါနာကလက်ခံကြောင်း အကြောင်းကြားစာကို ဂါနာသံအမတ်ကြီး Emmanuel Kwame Asiedu Antwi မှ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်ထံသို့ ဇူလိုင်လ ၂ ရက်နေ့တွင် ပေးအပ်ခဲ့ပါသည်။
ညွှန်ကြားရေးမှူးချုပ်က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အခြားအဖွဲ့ဝင်များနှင့်အတူ ဂါနာနိုင်ငံက ငါးလုပ်ငန်းအပေါ် အထောက်အပံ့ပေးခြင်းဆိုင်ရာ သဘောတူညီချက်ကို လက်ခံခဲ့မှုအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ ယခုကဲ့သို့ စုပေါင်းအားမှ အန္တရာယ်ရှိသော ငါးလုပ်ငန်းအပေါ် အထောက်အပံ့ပေးမှုကို ရပ်တန့်နိုင်ပြီး သမုဒ္ဒရာများ၏ ကျန်းမာရေးပြန်လည်ကောင်းမွန်ရန်နှင့် လူသန်းပေါင်းများစွာ၏ အသက်မွေးဝမ်းကြောင်းမှုကို မြှင့်တင်ရန် နည်းလမ်းမှန်သို့ ရောက်ရှိပြီဖြစ်ကြောင်း၊ သဘောတူညီချက် အသက်ဝင်ရန်နောက်ထပ် ၈ နိုင်ငံမှ လက်ခံရန်သာလိုတော့ကြောင်း ပြောကြားခဲ့ပါသည်။
ဂါနာသံအမတ်ကြီး Antwi က သဘောတူညီချက်ကို လက်ခံနိုင်ခြင်းအတွက် ဝမ်းမြောက်ကြောင်း၊ ဂါနာနိုင်ငံအနေဖြင့် ယခုကဲ့သို့ အရေးပါသော သဘောတူညီချက်အား အတည်ပြုပြဋ္ဌာန်းနိုင်ခြင်းကြောင့် ကုလသမဂ္ဂ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ၁၄.၆ အရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် ပိုမိုပါဝင်နိုင်ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ သဘောတူညီချက် အသက်ဝင်စေရန် WTO အဖွဲ့ဝင်နိုင်ငံများ၏ သုံးပုံနှစ်ပုံဖြစ်သော နိုင်ငံပေါင်း ၁၁၁ နိုင်ငံမှ တရားဝင်လက်ခံရန် လိုအပ်ပါသည်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဂျီနီဗာမြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ၁၂ ကြိမ်မြောက် ဝန်ကြီးများအဆင့်ညီလာခံ၌ တူညီဆန္ဒဖြင့် သဘောတူညီခဲ့သည့် ငါးလုပ်ငန်းအပေါ် အထောက်အပံ့ပေးမှုဆိုင်ရာ သဘောတူညီချက်သည် ကမ္ဘာတစ်ဝန်း ငါးလျော့နည်းလာစေသည့် အထောက်အပံ့များ မပေးရေးအတွက် ကဏ္ဍစုံစည်းမျဉ်းသစ်များ ပြဋ္ဌာန်းထားပါသည်။ အဆိုပါ သဘောတူညီချက်တွင် တရားမဝင်၊ စာရင်းမှတ်ထားခြင်းမရှိ၊ ဥပဒေအရထိန်းကျောင်းခြင်းမရှိသည့် ငါးဖမ်းခြင်းများ (illegal, unreported and unregulated - IUU) အတွက် အထောက်အပံ့များကို တားမြစ်ခြင်း၊ ငါးလျော့နည်းလာစေသည့် အလွန်အကျွံငါးဖမ်းမှုကို တားမြစ်ခြင်းနှင့် ကမ်းဝေးပင်လယ်ပြင်တွင် စည်းကမ်းလိုက်နာမှုမရှိသော ငါးဖမ်းခြင်းအတွက် အထောက်အပံ့များကို အဆုံးသတ်စေခြင်းတို့ပါဝင်သည်။
ထို့အပြင် အဆိုပါသဘောတူညီချက်၏ တာဝန်များကို လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDCs) ၏ လိုအပ်ချက်များကိုအသိအမှတ်ပြု၍ နည်းပညာဆိုင်ရာ အကူအညီထောက်ပံ့ပေးရန်နှင့် စွမ်းဆောင်ရည်မြှင့်တင်ရန် ရန်ပုံငွေတစ်ရပ် ထူထောင်ထားပါသည်။
အဆိုပါရန်ပုံငွေ (Fish Fund) က သဘောတူညီချက်ကို လက်ခံထားသော ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ (LDC) အဖွဲ့ဝင်များအား သဘောတူညီချက် အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေမည့် စီမံကိန်းများ အဆိုပြုရန် ဇွန်လ ၆ ရက်နေ့က ဖိတ်ခေါ်ခဲ့ပါသည်။ လက်ရှိသဘောတူညီချက်ကို အဆင့်မြှင့်တင်ရေးအတွက် ပြင်ဆင်ပြဋ္ဌာန်းလိုသည့် အချက်များရရှိနိုင်ရေး အဖွဲ့ဝင်နိုင်ငံများက ဆက်လက်ညှိနှိုင်းလျက်ရှိပါသည်။
ရင်းမြစ်။ www.wto.org