တရုတ် - အမေရိကန် ဆွေးနွေးပွဲများမှ နှစ်နိုင်ငံကြား သဘောတူညီမှုရရှိနိုင်မည်ဟု မျှော်လင့်ရ

 

ဗြိတိန်နိုင်ငံတွင် ကျင်းပမည့် တရုတ် - အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသည် လွန်ခဲ့သောလက ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် နှစ်နိုင်ငံကြားရရှိခဲ့သည့် သဘောတူညီချက်များနှင့် ခေါင်းဆောင်နှစ်ဦး၏ လတ်တလောဖုန်းပြောဆိုမှုများကို အခြေခံကာ သဘောတူညီမှုများ ဆက်လက်ရရှိရန် အရေးပါသောခြေလှမ်းတစ်ရပ်ဟု လေ့လာသူများက သုံးသပ်ကြပါသည်။

ဗြိတိန်အစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်၊ ဒုတိယဝန်ကြီးချုပ် He Lifeng သည် တနင်္ဂနွေနေ့မှ သောကြာနေ့အထိ ဗြိတိန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း၊     ဗြိတိန်ခရီးစဉ်တွင် တရုတ် - အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှု ယန္တရားကိုဆွေးနွေးမည်ဖြစ်ပြီး ယင်းမှာ ပြီးခဲ့သည့်လက ဂျီနီဗာ၊ ညှိနှိုင်းဆွေးနွေးပွဲမှ ရရှိခဲ့သော တရုတ် - အမေရိကန် သဘောတူညီမှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ 

ဂျီနီဗာ ဆွေးနွေးပွဲကို တရုတ်ဘက်မှ He Lifeng က ဦးဆောင်ပြီး အမေရိကန်ဘက်မှ ဘဏ္ဍာရေးဝန်ကြီး Scott Bessent နှင့် ကုန်သွယ်ရေးဝန်ကြီး Jamieson Greer တို့ ဦးဆောင်ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲအပြီး မေလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ ဆွေးနွေးပွဲကို တရုတ်နှင့် အမေရိကန်တို့တွင် အလှည့်ကျကျင်းပရန် သို့မဟုတ် နှစ်ဖက်သဘောတူညီချက်အရ တတိယနိုင်ငံ၌ ကျင်းပရန်ဟု ဖော်ပြထားပါသည်။

တရုတ်နိုင်ငံ၊အထွေထွေအကောက်ခွန်အုပ်ချုပ်ရေးဌာနအဆိုအရ တရုတ်နှင့်အမေရိကန်ကြား စုစုပေါင်း ကုန်သွယ်မှုပမာဏသည် ယခင်နှစ်က ဒေါ်လာ ၆၈၈.၃     ဘီလီယံ နီးပါး ရောက်ရှိခဲ့ပြီး တစ်နှစ်ထက် တစ်နှစ် ၃.၇ % တိုးတက်ခဲ့ကြောင်းသိရပါသည်။

ကြာသပတေးနေ့ ညနေပိုင်းက အမေရိကန်သမ္မတ ထရမ့်နှင့် ဖုန်းပြောစဉ် သမ္မတရှီက ဂျီနီဗာ၌  ရရှိခဲ့သည့် သဘောတူညီချက်အပေါ် နှစ်နိုင်ငံလုံး ကောင်းမွန်စွာ အကောင်အထည်ဖော်သင့်ကြောင်း ပြောကြားခဲ့ပြီး ထရမ့်ကလည်း ဂျီနီဗာဆွေးနွေးပွဲမှ ရလဒ်ကောင်းများရရှိခဲ့ရာ အကောင်အထည်ဖော်နိုင်ရေး အမေရိကန်က တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

တရုတ်နိုင်ငံ၊ Renmin နိုင်ငံတကာလေ့လာရေးတက္ကသိုလ်မှ အမေရိကန်အပေါ် လေ့လာမှု၊ ဘာသာရပ်ပါမောက္ခ Diao Daming က နိုင်ငံခေါင်းဆောင်များ၏ သံတမန်ဆက်ဆံရေးသည် တရုတ်-အမေရိကန် ဆက်ဆံရေးလမ်းကြောင်းပေါ်၌ အရေးပါသော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်နေကြောင်း၊ ဝါရှင်တန်သည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး တိုးတက်အောင် တွန်းအားပေးနေကြောင်းကို ပြောကြားခဲ့ပါသည်။

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့တွင် ကျင်းပခဲ့သော တရုတ်-ကယ်လီဖိုးနီးယား စီးပွားရေးဖိုရမ်တွင် လော့စ်အိန်ဂျယ်လိစ်မြို့ရှိ တရုတ်နိုင်ငံ၏ ကောင်စစ်ဝန်ချုပ် Guo Shaochun က တရုတ်-အမေရိကန် စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံလုံးအတွက် အကျိုးရှိကြောင်း၊ တစ်နိုင်ငံ၏ အောင်မြင်မှုသည် တစ်နိုင်ငံအတွက် အခွင့်အလမ်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ပြီးခဲ့သည့် သီတင်းပတ်က တရုတ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ He Yongqian က အမေရိကန်အား ပုဒ်မ ၃၀၁ အခွန်စည်းကြပ်မှုများအပါအဝင် တရုတ်နိုင်ငံအပေါ် ချမှတ်ထားသော ကန့်သတ်မှုများအားလုံးကို လုံးဝရုတ်သိမ်းရန် တိုက်တွန်းခဲ့သည်။ တရုတ်၊ Renmin တက္ကသိုလ်၊ ဘဏ္ဍာရေးနှင့်ငွေကြေးလေ့လာရေးဌာန အကြီးအကဲ၊ Wang Wen က တရုတ်-အမေရိကန် ဆက်ဆံရေးသည် အခွန်ကိစ္စ သက်သက်သာမကဘဲ ကမ္ဘာ့အရေး၊ လူသားတစ်ရပ်လုံး၏ အရေးနှင့် တစ်ကမ္ဘာလုံး၏ အနာဂတ်နှင့်ပါ သက်ဆိုင်ကြောင်း၊ နှစ်ဖက်လုံးမှ ဘုံရပ်တည်နိုင်သည့် အခြေအနေကိုရှာဖွေရန်၊ ရေရှည်   နှင့်ပိုမိုတာဝန်ယူမှုရှိသော ရှုထောင့်မှကြည့်ရှုရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ရင်းမြစ်။        https://www.chinadaily.com